ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေကို ဂျပန်ဆေးရုံများသို့ ပို့ဆောင်ထားရှိမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်မှ ရွှေ့ပြောင်းရန်စီစဥ်ခဲ့တဲ့ အမေရိကန်နိုင်ငံသားများအနက် ၄၀ ဦးဟာ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း သိရပါတယ်။

လူ ၃,၇၀၀ ခန့် လိုက်ပါလာတဲ့ Diamond Princess အပျော်စီးသင်္ဘောကြီးကို ဖေဖေါ်ဝါရီ ၃ ရက်နေ့ကတည်းက သီးသန့်ခွဲခြားထားခဲ့ပါတယ်


(Photo: Getty Images)

Diamond Princess အပျော်စီးသင်္ဘောပေါ်မှ အမေရိကန်နိုင်ငံသား ၄၀၀ ကို ရွှေ့ပြောင်းခေါ်ဆောင်ရန် စီစဥ်ခဲ့ရာ ၎င်းတို့အနက် ၄၀ ဦးထံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဖေဖေါ်ဝါရီ ၁၆ ရက်နေ့မှာ အတည်ပြု ပြောကြားပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေကို ဂျပန်ဆေးရုံများသို့ ပို့ဆောင်ထားမှာဖြစ်ပြီး ကျန်ရှိသူတွေကိုတော့ အမေရိကန်ကို ပြန်လည်ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မခံသူတွေကိုလည်း အမေရိကန်သို့ ပြန်ရောက်ချိန်မှာ ၁၄ ရက်ကြာ သီးသန့်ခွဲထားစောင့်ကြည့်မယ်လို့ ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၁၆ ရက် ညပိုင်းအထိ စာရင်းတွေအရ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၅၅ ဦး တွေ့ရှိထားကြောင်းနဲ့ ထိုအရေအတွက်ဟာ အမေရိကန်နိုင်ငံသား ၄၀ ကို ထည့်သွင်းတွက်ချက်ထားခြင်းရှိ မရှိ အတိအကျ မသိရသေးကြောင်း AFP သတင်းဌာနက ဖော်ပြပါတယ်။

(Photo: Reuters)

Diamond Princess အပျော်စီးသင်္ဘောဟာ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးတွေ့ရှိရတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်

ဖေဖေါ်ဝါရီ ၁၆ ရက် အစောပိုင်းမှာ ဂျပန်ကျန်းမာရေးဝန်ကြီး ကတ်ဆူနိုဘူကတ်တိုရဲ့ ပြောကြားမှုအရ အပျော်စီးသင်္ဘောပေါ်ရှိ လူ ၁,၂၁၉ ဦးကို COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ မရှိ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ခရီးသည်နဲ့ အမှုထမ်း ၃,၇၀၀ ခန့် လိုက်ပါလာတဲ့ Diamond Princess အပျော်စီးသင်္ဘောကြီးကို ဖေဖေါ်ဝါရီ ၃ ရက်နေ့ကတည်းက ဂျပန်မှာ သီးသန့်ခွဲခြားထားခဲ့ပါတယ်။

ထိုသင်္ဘောပေါ်မှာ လိုက်ပါလာခဲ့ပြီး ဟောင်ကောင်မှာ ဆင်းသွားခဲ့တဲ့ အမျိုးသားတစ်ဦးထံမှာ COVID-19 ဗိုင်းရပ်စ် တွေ့ရှိရပြီးနောက် သင်္ဘောကို ဂျပန်မှာ ရပ်နားထားစေခဲ့တာလည်း ဖြစ်ပါတယ်။ Diamond Princess အပျော်စီးသင်္ဘောဟာ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးတွေ့ရှိရတဲ့ နေရာတစ်ခုလည်း ဖြစ်နေပါတယ်။

(Photo: Getty Images)

ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ယနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) မနက်ပိုင်းအထိ တရားဝင် စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၇၆၅ ဦးနဲ့ ကူးစက်ခံရသူ ၇၀,၄၀၀ ဦးရှိလာပါတယ်။

တရုတ်အစိုးရကတော့ နိုင်ငံအတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှုနှုန်း သုံးရက်ဆက်တိုက် လျော့ကျသွားခဲ့ကြောင်း ဖေဖေါ်ဝါရီ ၁၆ ရက်မှာ ကြေညာခဲ့ပါတယ်။ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများအဖြစ် ထိုင်ဝမ်မှာ ၁ ဦး၊ ဟောင်ကောင်မှာ ၁ ဦး၊ ဂျပန်မှာ ၁ ဦး၊ ဖိလစ်ပိုင်မှာ ၁ ဦးနဲ့ ပြင်သစ်မှာ ၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် စုစုပေါင်း ၁,၇၇၀ ဦးအထိ မြင့်တက်လာပါတယ်။

(Photo: AFP)

ဖေဖေါ်ဝါရီ ၁၇ ရက် မနက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၇၁,၁၇၁ ရှိပြီး ၉,၈၇၁ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။ ထိုအတောအတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှု မည်သို့ဆက်ဖြစ်နေမည်ကို မခန့်မှန်းနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲက သတိပေးမှုလည်းရှိခဲ့ပါတယ်။

COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က