နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်နိုင်ကြောင်း သတိပေးထားပါတယ်။

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ အင်အား ၆.၆ ရစ်(ခ်)တာစကေးရှိ ပြင်းထန်တဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် မြေပြိုမှုများဖြစ်ကာ နေအိမ်အချို့ ပျက်စီးခဲ့ပြီး လူ ၉ ဦး သေဆုံးခဲ့ကြာင်း သိရပါတယ်။ ငလျင်လှုပ်ပြီးနောက် လူ ၃၂ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်းနဲ့ အခြား လူ ၁၂၀ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။



Photo: AP



ငလျင်ဟာ ဆက်ပိုရိုမြို့ (Sapporo) ရဲ့ အရှေ့တောင်ဘက် ၃၈ မိုင်အကျော်အကွာမှာ ဗဟိုပြုပြီး ယနေ့ (စက်တင်ဘာ ၆ ရက်) မနက်အစောပိုင်းအချိန်က ငလျင်လှုပ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ပြီးနောက် ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ အဆိုပါငလျင် လှုပ်ခတ်ပြီးနောက် ရစ်(ခ်)တာစကေး ၅.၃ အဆင့်ရှိ နောက်ဆက်တွဲငလျင်နဲ့ ပိုမိုသေးငယ်တဲ့ နောက်ဆက်တွဲ ငလျင်ငယ်များလည်း လှုပ်ခဲ့ပါတယ်။

Photo: Reuters



ငလျင်လှုပ်မှုကြောင့် ကမ်းရိုးတန်းဒေသတွေမှာ ပင်လယ်ရေမျက်နှာပြင် အနည်းငယ် ပြောင်းလဲမှုဖြစ်ခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက သတိပေးခဲ့ပါတယ်။ ငလျင်လှုပ်နေစဉ်အတွင်း ၎င်းရဲ့နေအိမ်လှေကားပေါ်မှ ပြုတ်ကျမှုကြောင့် အသက် ၈၀ နှစ်အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။

ငလျင်လှုပ်ပြီးနောက် မြေပြိုမှုအကြီးအကျယ် ဖြစ်ပေါ်ခဲ့တဲ့ အတ်ဆူမာ (Atsuma) ကျေးရွာမှာ လူခြောက်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo: CGTN



ငလျင်လှုပ်ပြီးနောက် မြေပြိုမှုလေးခုထက်မနည်း ဖြစ်ပွားခဲ့ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒါဆူဂါက ပြောပါတယ်။ ငလျင်ကြောင့် နေအိမ်ခြောက်လုံး ပြိုကျခဲ့ကြောင်းလည်း ၎င်းကဆိုပါတယ်။

"အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ရာဒေသမှာ နေထိုင်ကြသူတွေကို ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေ ထုတ်လွှင့်ပေးတဲ့ သတင်းတွေကို သတိပြုကြပြီး တစ်ဦးနဲ့တစ်ဦး ကူညီကြဖို့ တိုက်တွန်းပါတယ်" လို့ ဆူဂါက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Photo: CGTN



ငလျင်လှုပ်ပြီး မကြာမီ ရုပ်မြင်သံကြားသတင်းက ထုတ်လွှင့်ပြသမှုအရ ဒေသခံအများအပြား နေအိမ်အပြင်ဘက် လမ်းမပေါ်မှာ တိမ်းရှောင်နေကြတာ တွေ့ရပါတယ်။ ငလျင်လှုပ်ပြီးနောက် နေအိမ် ၂.၉၅ သန်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြုံခဲ့ရကြောင်း Hokkaido Electric ကုမ္ပဏီက ပြောပါတယ်။

သတင်းထောက်များနှင့် တွေ့ဆုံနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး (Photo: Reuters)



"အစိုးရအနေနဲ့ လူ့အသက်တွေကို ကယ်တင်ဖို့ ထိပ်ဆုံးဦးစားပေးအဖြစ် လုပ်ဆောင်ပြီး တစ်ချိန်တည်းမှာ ပြန်လည်တည်ဆောက်ရေးအတွက်လည်း ဆောင်ရွက်သွားမှာပါ" လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက သတင်းထောက်တွေကို ပြောပါတယ်။

Map: USGS



ယခု ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်လာနိုင်သေးကြောင်း ဂျပန်အာဏာပိုင်တွေက သတိပေးထားပါတယ်။

"ငလျင်ကြီးတစ်ခုလှုပ်ပြီးရင် နှစ်ရက်ကနေ သုံးရက်အတွင်း နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်နိုင်ပါတယ်" လို့ ဂျပန်မိုးလေဝသဌာနမှ ငလျင်နဲ့ဆူနာမီစောင့်ကြည့်ဌာန အကြီးအကဲ တိုရှီယူကီ မတ်ဆူမိုရီက ပြောပါတယ်။

ဒေသခံများ လမ်းမပေါ်မှာ တိမ်းရှောင်နေကြစဉ် (Photo: Reuters)



ငလျင်လှုပ်တဲ့ဒေသမှာ နေအိမ်ပြိုကျမှုနဲ့ မြေပြိုမှုအန္တရာယ်တွေ ရှိနိုင်တာကြောင့် ငလျင်လှုပ်မှုနဲ့ မိုးရွာသွန်းမှု အခြေအနေကို သတိပြုကြရန်နဲ့ အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို မသွားကြရန်လည်း ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိနေတဲ့ ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံဟာ ငလျင်လှုပ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ အများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ 'ပစိဖိတ်မီးကွင်း' (Ring of Fire) နေရာမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း အိုဆာကာဒေသမှ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့ပြီး လူငါးဦး သေဆုံးကာ ၃၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ငလျင်ကြီးကြောင့် ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့စဉ် (Photo: Reuters)



ဒါ့အပြင် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်မှာ ရစ်(ခ်)တာစကေး ၉.၀ အဆင့်ရှိ ငလျင်ကြီးတစ်ခု ဂျပန်ကမ်းရိုးတန်းအနီး ပစိဖိတ်သမုဒ္ဒရာအောက်မှာ လှုပ်ခတ်ခဲ့ရာ ၁၃၃ ပေအထိမြင့်တဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကာ လူဦးရေ ၁၅,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

၂၀၁၈ သဘာဝဘေးအန္တရယ်တွေနဲ့ ဂျပန်နိုင်ငံ

ယခုသီတင်းပတ်အတွင်း စက်တင်ဘာ ၄ ရက်မှာလည်း ဂျပန်အနောက်ပိုင်းဒေသကို ၂၅ နှစ်အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းဂျက်ဘီ ဝင်ရောက်တိုက်ခတ်သွားခဲ့ပြီး လက်ရှိမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး အိုဆာကာမြို့ရှိ Kansai အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တိုင်ဖွန်းဂျက်ဘီ တိုက်ခတ်မှုကြောင့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့စဉ် (Photo: CGTN)



ဂျပန်နိုင်ငံဟာ ယခုနှစ်မှာ သဘာဘေးအန္တရာယ်များ ပိုမိုကြုံတွေ့နေခဲ့ရပြီး ဇူလိုင်လအတွင်းကလည်း စံချိန်တင် မိုးသည်းထန်မှုကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဇူလိုင်လအတွင်းမှာပင် အပူလှိုင်းဖြတ်သန်းပြီး အပူချိန်များ စံချိန်တင် မြင့်တက်မှုကြောင့် လူ ၈၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ထိုလအတွင်းမှာ ဂျပန်နိုင်ငံကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ဂျောင်ဒါရီ (Jongdari) ဝင်ရောက်တိုက်ခတ်ခဲ့သေးကြော်ငး သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က