ဂျပန်နိုင်ငံမှာ ဆရာမတွေနဲ့အတူ ပလက်ဖောင်းပေါ်ကနေ လမ်းလျှောက်သွားနေတဲ့ မူကြိုကလေးအုပ်စုအတွင်း ကားတစ်စီးက ဝင်တိုက်ခဲ့မှုကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့ပါတယ်။
ယနေ့ (မေ ၈ ရက်) ဖြစ်ပွားခဲ့တဲ့ အဆိုပါ ကားမတော်တဆမှုအတွင်း အသက်အန္တရာယ်စိုးရိမ်ရသူ နှစ်ဦးအပါအဝင် အခြား လူတစ်ဒါဇင်ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဂျပန်အစိုးရ ရုပ်မြင့်သံကြားသတင်းဌာန NHK က ပြောပါတယ်။ ဆရာမနဲ့ကလေးတွေအုပ်စုကို ဝင်တိုက်ခဲ့တဲ့ကား လမ်းချော်သွားပြီး ပလက်ဖောင်းပေါ်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာခဲ့တဲ့ ကလေးအားလုံးနဲ့ ၎င်းတို့ရဲ့ ဆရာမနှစ်ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အသက်နှစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ မိန်းကလေးတစ်ဦးကတော့ ဆေးရုံရောက်ပြီး မကြာမီ သေဆုံးသွားခဲ့ကြောင်း NHK က ပြောပါတယ်။ Otsu မြို့မှာ ဖြစ်ပွားခဲ့တဲ့ ယခုဖြစ်ရပ်အတွင်း ကလေးအုပ်စုကို ဝင်တိုက်ခဲ့တဲ့ကားက လမ်းချော်ပြီးပလက်ဖောင်းပေါ် ရောက်လာခဲ့တဲ့အကြောင်းရင်းကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
(Photo: Jiji Press/AFP)
မတော်တဆမှုဟာ လမ်းဆုံနေရာမှာ ကားနှစ်စီးက တစ်စီးနဲ့တစ်စီး မတိုက်မိစေရန် တိမ်းရှောင်လိုက်ရာမှ ပလက်ဖောင်းပေါ်ရှိ ကလေးအုပ်စုကို ဝင်တိုက်ခဲ့မိပုံရကြောင်း သုံးသပ်ကြပါတယ်။ ကားနှစ်စီးလုံးမှ ယာဉ်မောင်းတွေဟာ အသက် ၆၂ နှစ်နဲ့ ၅၂ နှစ်အရွယ် အမျိုးသမီးကြီးတွေ ဖြစ်ကြပြီး ၎င်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
မူကြိုကျောင်းမှ ကလေးအုပ်စုက ရေကန်တစ်ကန်ကို သွားရောက်လည်ပတ်ပြီး ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။ "ဒီ မတော်တဆမှုက Otsu မြို့မှာ ဖြစ်ခဲ့တာပါ၊ ကားက လမ်းလျှောက်သွားနေတဲ့ မူကြိုးကလေး ၁၅ ယောက်ပါတဲ့ လူအုပ်စုကို ဝင်တိုက်ခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသားက ပြောပါတယ်။
(Photo: Kyodo/Reuters)
အသက်ကြီးသူအရေအတွက် အလျင်အမြန် တိုးပွားလာနေတဲ့ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ မောင်းနှင်တဲ့ ကားမတော်တဆမှုတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း အသက် ၈၇ နှစ်အရွယ် အဘိုးအိုတစ်ဦး မောင်းနှင်လာတဲ့ကားက လူကူးမျဉ်းကြားနေရာမှာ လူအုပ်စုအတွင်း ဝင်တိုက်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့ အသက်သုံးနှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးခဲ့ဖူးပါတယ်။ ထိုသို့ မတော်တဆမှုတွေ ဖြစ်ပွားနေခြင်းကြောင့် ယာဉ်မောင်းနှင်ခွင့်ကို မည်သည့်အသက်အရွယ်အထိ ခွင့်ပြုပေးထားမှုအပေါ် မေးခွန်းတွေလည်း မြင့်တက်လာပါတယ်။
(ဂျပန်မှာ မူကြိုကလေးတွေကို ပြင်ပလေ့လာရေးပို့ဆောင်ပေးလေ့ရှိပါတယ်) (Photo: AFP)
ဂျပန်မှာ ၂၀၁၆ ခုနှစ်အတွင်း လူသေဆုံးမှုရှိတဲ့ ယာဉ်မတော်တဆမှု ၉၆၅ မှုဟာ အသက် ၆၅ နှစ်အထက် ယာဉ်မောင်းနှင်သူတွေကြောင့် ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ ထိုအရေအတွက်ဟာ ၂၀၁၆ ခုနှစ်အတွင်း ဂျပန်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေရဲ့ လေးပုံတစ်ပုံကျော်ဖြစ်ကြောင်း ဂျပန်ရဲဌာနရဲ့ စာရင်းတွေအရ သိရှိရပါတယ်။