ဂျပန်နိုင်ငံကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် တစ်ပတ်ကြာတဲ့အထိ နေအိမ် ၈၀,၀၀၀ နီးပါး လျှပ်စစ်ဓာတ်အား ပြန်မရသေးကြောင်း အာဏာပိုင်တွေက ယနေ့ (စက်တင်ဘာ ၁၆ ရက်) ပြောပါတယ်။
(Photo: Kyodo)
မုန်တိုင်းတိုက်ပြီးနောက်ပိုင်း မိုးသည်းထန်မှုကြောင့် ရွှေ့ပြောင်းရန်ညွှန်ကြားထားရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း နှောင့်နှေးမှုဖြစ်စေကြောင်း သိရပါတယ်။ တိုင်ဖွန်းမုန်တိုင်း Faxai က တိုကျိုမြို့နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေကို ပြီးခဲ့တဲ့သီတင်းပတ် တနင်္လာနေ့ (စက်တင်ဘာ ၉ ရက်) မှာ ဝင်ရောက်တိုက်ခတ်ခဲ့ရာ စံချိန်တင် ပြင်းထန်တဲ့ လေပြင်းတိုက်မှုတွေကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် လူဦးရေ သောင်းနဲ့ချီပြီး မဖြစ်မနေ ရွှေ့ပြောင်းကြရန် ညွန်ကြားချက်ထုတ်ခဲ့ပြီး နောက်ထပ် လူဦးရေ လေးသိန်းနီးပါးကိုတော့ ရွှေ့ပြောင်းသင့်ကြောင်း သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
(Photo: AFP)
ဂျပန်မှာ တိုင်ဖွန်း Faxai တိုက်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး မုန်တိုင်းအလွန် ရက်များအတွင်း အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်အထက်သို့ မြင့်တက်ခဲ့ရာ အပူလျှပ်မှုကြောင့်လည်း သက်ကြီးရွယ်အို သုံးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းတိုက်ပြီးနောက် တိုကျိုမြို့ အရှေ့တောင်ဘက်ရှိ Chiba စီရင်စုမှာ နေအိမ် ၇၈,၇၀၀ ခန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေဆဲဖြစ်ကြောင်း Tokyo Electric Co. (TEPCO) ပြောခွင့်ရအမျိုးသား နာအိုယာ ကွန်ဒိုက AFP သတင်းဌာနကို ပြောပါတယ်။
"တောင်တန်းဒေသတွေမှာ လုပ်ကိုင်ရတာ အခက်အခဲတွေရှိနေတော့ စက်တင်ဘာ ၂၇ ရက်အထိ လျှပ်စစ်ဓာတ်အား အပြည့်အဝ ပြန်ရနိုင်ဖွယ်မရှိသေးဘူး" လို့ ၎င်းကဆိုပါတယ်။ ရေသန့်စင်စက်ရုံတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတာကြောင့် နေအိမ် ၁၆,၇၀၀ မှာလည်း ရေပြတ်လပ်မှုဖြစ်နေတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။
(Photo: Reuters)
ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကူအညီဖြင့် အာဏာပိုင်တွေက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာတွေကို ထရပ်ကားများဖြင့် ရေပို့ဆောင်ပေးနေကြောင်း သိရပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ Chiba စီရင်စုမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက ယနေ့ သတိပေးချက်အသစ် ထုတ်ပြန်ခဲ့ပြီး မြေပြိုမှုအန္တရာယ်ရှိတာကြောင့် လူဦးရေ ၄၆,၃၀၀ ကို ရွှေ့ပြောင်းကြရန် သတိပေးထားပါတယ်။
၏"မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေက မိုးသည်းထန်တာကြောင့် နှောင့်နှေးဖြစ်နိုင်ပါတယ်" လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူ ကင်တာဟီရာနိုက ပြောပါတယ်။ တိုင်ဖွန်း Faxai တိုက်ခတ်မှုကြောင့် နေအိမ် ၁,၀၀၀ ကျော် ပျက်စီးမှုဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။