ဂျပန်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ထုတ်ပြန်ထားခဲ့တဲ့ အရေးပေါ်အခြေအနေကို နိုင်ငံတစ်ဝှမ်း စီရင်စု ၄၇ ခုအနက် ၃၉ ခုမှာ ရုပ်သိမ်းလိုက်ပြီလို့ သိရပါတယ်။
(Photo: AFP/Getty Images)
ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိရမှုများ သိသိသာသာ လျော့ကျခဲ့ပြီးနောက် ဂျပန်အစိုးရ အရေးပေါ်အခြေအနေကို နေရာအများစုမှာ ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ သို့သော် ကူးစက်မှုအသစ်တွေ နေ့စဥ် တွေ့နေရတဲ့ တိုကျို၊ အိုဆာကာနဲ့ နိုင်ငံမြောက်ပိုင်း ဟော့ကိုင်ဒိုကျွန်းတို့မှာတော့ အရေးပေါ်အခြေအနေကို ဆက်လက် ထုတ်ပြန်ထားပါတယ်။
ဂျပန်ရဲ့ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ သိသာစွာ လျော့ကျသွားပြီဖြစ်ကြောင်းနဲ့ အများပြည်သူအနေနဲ့ သတိဝီရိယရှိကြရန်၊ mask တပ်ကြရန်နဲ့ ထိတွေ့မှုနည်းစေရန် ခပ်ခွာခွာနေရမယ့် လမ်းညွှန်ချက်ကို လိုက်နာကြရန် ဝန်ကြီးချုပ်ရှင်ဇိုအဘေးက တိုက်တွန်းပြောကြားပါတယ်။
(Photo: Koji Sasahara/AP)
"ဖြစ်နိုင်ရင် မေ ၃၁ ရက်မတိုင်ခင် တခြား နယ်မြေဒေသတွေမှာလည်း အရေးပေါ်အခြေအနေ ရုပ်သိမ်းချင်ပါတယ်" လို့ အဘေးက ပြောပါတယ်။ ဂျပန်အစိုးရဟာ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုကို တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အစောပိုင်းမှာ ဝေဖန်မှုတွေကြုံခဲ့ရပါတယ်။ သို့သော် ဂျပန်က အမေရိကန် သို့မဟုတ် ရုရှားတို့မှာ ဖြစ်ပွားနေသကဲ့သို့ ဗိုင်းရပ်စ်ကူးစက်မှု ဆိုးရွားတဲ့အခြေအနေကို ရှောင်လွှဲနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
(Photo: Kyodo)
ယနေ့ (မေ ၁၄ ရက်) ညပိုင်းအထိ စာရင်းတွေအရ ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် COVID-19 ရောဂါဖြစ်ပွားသူ ၁၆,၀၄၉ ဦး စစ်ဆေးတွေ့ရှိ အတည်ပြုထားပြီး သေဆုံးသူ ၆၇၈ ဦးရှိခဲ့ပါတယ်။ ဂျပန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ ၈,၉၂၀ ဦးရှိကြောင်းလည်း သိရပါတယ်။
ဂျပန်နိုင်ငံမှာ COVID-19 လူနာတွေကို အမေရိကန်အခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ စမ်းသပ်အဆင့် Remdesivir ဆေးဖြင့် ကုသရန် မေ ၇ ရက်နေ့က ခွင့်ပြုလိုက်ပါတယ်။ ထို့အတူ ဂျပန်ကုမ္ပဏီ Fujifilm Toyama Chemical က တုပ်ကွေးရောဂါအတွက် ထုတ်လုပ်ထားတဲ့ Avigan ဆေးကိုလည်း အစိုးရက COVID-19 လူနာ ၁၀၀ ကို ကုသရာမှာ တိုးတက်မှုရှိပါက ခွင့်ပြုပေးရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။