ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စုရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး အခြား ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြပါတယ်။
(Photo: sts_yoshida/Twitter)
ယနေ့ (ဇူလိုင် ၃၀ ရက်) ဒေသစံတော်ချိန် မနက် ၉ နာရီမတိုင်မီမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း NHK သတင်းက ပြောပါတယ်။ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ စားသောက်ဆိုင်အတွင်း အလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ NHK က ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် လူနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး အခြား ၁၅ ဦးကတော့ အသေးစား ဒဏ်ရာများရခဲ့ကြောင်းလည်း သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမားစီရင်စု ကိုရီယာမာမြို့ရှိ Onyasai စားသောက်ဆိုင်ဟာ ပြင်ဆင်မှုလုပ်ဆောင်နေခဲ့ကြောင်း စားသောက်ဆိုင်ပိုင်ရှင် Colowide ကုမ္ပဏီက ပြောပါတယ်။ Colowide ဟာ စားသောက်ဆိုင်ခွဲများ ဖွင့်လှစ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
(Photo: Reuters)
ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရသူတွေကို တောင်းပန်ကြောင်းနဲ့ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိရှိနိုင်ရန် အာဏာပိုင်များနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း Colowide က ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။ Japan Times သတင်းမှာ ဖော်ပြမှုအရ ပေါက်ကွဲမှုဟာ စားသောက်ဆိုင်တွေနဲ့ လူနေအဆောက်အအုံများ ထူထပ်များပြားတဲ့ ဧရိယာတစ်ခုအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
(Photo: YVLI_ALYX/Twitter)
Toho ဘဏ်မှတာဝန်ရှိသူတွေရဲ့ ပြောကြားမှုအရ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာအနီးရှိ ၎င်းတို့ဘဏ်ခွဲတစ်ခုမှာ ဝန်ထမ်းနှစ်ဦးနဲ့ ငွေအပ်နှံသူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စားသောက်ဆိုင်ပေါက်ကွဲမှုကြောင့် အနီးအနားရှိ Toho ဘဏ်ခွဲနဲ့ အထက်တန်းကျောင်းတစ်ကျောင်းတို့မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း NHK က ပြောပါတယ်။
.