အရှေ့တောင်အာရှရဲ့ အကြီးဆုံး Ride-Hailing လုပ်ငန်းတစ်ခုဖြစ်တဲ့ Grab မှာ Mitsubishi UFJ Financial Group (MUFG) ဟာ ဒေါ်လာ သန်း ၇၀၀ ကျော် ရင်းနှီးမြှပ်နှံလိုက်တယ်လို့ South China Morning Post သတင်းမှာ ဖော်ပြထားပါတယ်။
Mitsubishi UFJ Financial Group (MUFG)ဟာ Grab သုံးစွဲသူတွေအတွက် အာမခံကနေ ချေးငွေ ဝန်ဆောင်မှုတွေအထိ ငွေကြေး ဝန်ဆောင်မှုအမျိုးမျိုး ပေးဖို့ ရည်ရွယ်ထားတယ်လို့ ဒီရင်းနှီးမြှပ်နှံမှုနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။ MUFG ရဲ့ လက်အောက်ခံလုပ်ငန်းတစ်ခု ဖြစ်တဲ့ Mitsubishi UFJ Lease and Finance ဟာ Grab ရဲ့ အင်ဒိုနီးရှားက ပြိုင်ဘက်လုပ်ငန်းဖြစ်တဲ့ Gojek မှာလည်း ရင်းနှီးမြှပ်နှံထားပါတယ်။
Photo: techinasia
Grab ဟာ ယာဉ်အငှားဝန်ဆောင်မှုအပြင် ဘဏ္ဍာရေးပိုင်း ၊ ငွေပေးချေမှုနဲ့ အစားအသောက် ပို့ဆောင်မှု စတဲ့ ဝန်ဆောင်မှု အမျိုးမျိုးကို လုပ်ဆောင်လာနေသလို SoftBank Group လို လုပ်ငန်းကြီးတွေဆီကလည်း ရင်းနှီးမြှပ်နှံမှု ရရှိထားပါတယ်။ Grab app ကို အရှေ့တောင်အာရှဒေသအတွင်း ဒေါင်းလုပ်ဆွဲသူ ၁၆၆ သန်းကျော် ရှိနေပါတယ်။
Grab ဟာ SoftBank တစ်ခုတည်းဆီက ဒေါ်လာ ၂.၆ ဘီလျံကျော် ရင်းနှီးမြှပ်နှံမှု ရထားပြီး Toyota၊ Hyundai Motor ၊ Kia Motors ၊ Booking.com နဲ့ ထိုင်းနိုင်ငံ Kasikornbank တို့ဆီမှလည်း ရင်းနှီးမြှပ်နှံမှုတွေ ရရှိထားပါတယ်။ Grab ဟာ အစားအသောက် ပို့ဆောင်ရေး ၊ ဒီဂျစ်တယ် ငွေပေးချေမှုနဲ့ ဒီဂျစ်တယ် Content ပိုင်းမှာ AI သုတေသနလုပ်ဖို့အတွက် ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှပ်နှံထားတယ်လို့လည်း ဆိုပါတယ်။
MUFG နဲ့ Grab ဟာ မိတ်ဘက်ပြု ပူးပေါင်းမှုတွေ မကြာခင် လုပ်ဆောင်သွားဖို့ ရှိတယ်ဆိုပြီး Nikkei သတင်းက ဖော်ပြခဲ့ပေမယ့် Grab ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဈေးကွက်ကောလာဟလနဲ့ ခန့်မှန်းချက်တွေအပေါ် မှတ်ချက် မပေးချင်ကြောင်း ပြောကြားထားပါတယ်။