ပထမဆုံး စက်တပ်လေယာဉ်ပျံသန်းမှု ပြုလုပ်ခဲ့ပြီးနောက် ၂ နှစ်အကြာမှာ မွေးဖွားခဲ့သူပါ။

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်ထားတဲ့ ဂျပန်အဘိုးအို မာဆာဇို နိုနာကာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ လေယာဉ်ပျံတီထွင်ခဲ့တဲ့ ရိုက်ညီအစ်ကိုက လူသားတွေရဲ့ ပထမဆုံး စက်တပ်လေယာဉ်ပျံသန်းမှု ပြုလုပ်ခဲ့ပြီးနောက် ၂ နှစ်အကြာမှာ မွေးဖွားခဲ့သူ အသက် ၁၁၃ နှစ်အရွယ် နိုနာကာဟာ ယနေ့ (ဇန်နဝါရီ ၂၀ ရက်) ကွယ်လွန်သွားခဲ့ကြောင်း ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။

(Photo: Kyodo/Reuters)

ဂျပန်အဘိုးအို နိုနာကာဟာ ၁၉၀၅ ခုနှစ် ဇူလိုင်လမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့အစည်းက နိုနာကာကို ယမန်နှစ် ဧပြီလအတွင်းမှာ သက်ရှိထင်ရှားရှိနေဆဲ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။ စပိန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် စံချိန်တင်ထားသူ ဖရန်စစ္စကို နူနက်ဇ် အိုလီဗီရာ ကွယ်လွန်သွားခဲ့ပြီးနောက် ဂျပန်အဘိုးအို နိုနာကာက ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။



(Photo: AFP)

"ဒီလို ထင်ရှားလှတဲ့ ပုဂ္ဂိုလ်ကြီးကို ဆုံးရှုံးရမှုအတွက် ကျွန်တော်တို့ ဝမ်နည်းတုန်လှုပ်ရပါတယ်၊ သူက မနေ့ကအထိ ပုံမှန်ပါပဲ၊ ကျွန်တော်တို့မိသားစုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေခဲ့ဘဲ ကွယ်လွန်သွားခဲ့တာပါ" လို့ နိုနာကာရဲ့မြေးဖြစ်သူ ယူကိုက Kyodo သတင်းဌာနကို ပြောခဲ့ပါတယ်။ နိုနာကာမှာ ညီအစ်ကိုခြောက်ဦးနဲ့ ညီမတစ်ဦးရှိခဲ့ပြီး ၁၉၃၁ ခုနှစ်မှာ လက်ထပ်ခဲ့ကာ ကလေးငါးဦး ထွန်းကားခဲ့ကြောင်းလည်း သိရပါတယ်။

ဂျပန်အဘိုးအို နိုနာကာက ၎င်းရဲ့ဇာတိမြို့မှာ ရေပူစမ်းပါဝင်တဲ့ တည်းခိုခန်း ဖွင့်လှစ်လုပ်ကိုင်ခဲ့ပြီး အနားယူချိန်မှာတော့ တီဗီမှာ ဆူမိုနပန်းပွဲတွေကြည့်ပြီးနဲ့ အချိုစားလေ့ရှိတယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။

(Photo: Kyodo)

ဂျပန်နိုင်ငံဟာ လူ့သက်တမ်းအရှည်ဆုံး ကမ္ဘာ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအဘွားတွေ ရှိခဲ့ပါတယ်။ ၎င်းတို့အနက် သမိုင်းမှတ်တမ်းတစ်လျှောက် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် စံချိန်တင်ခဲ့ပြီး ၁၁၆ နှစ်ပြည့်ပြီးမှ ၂၀၁၃ ခုနှစ် ဇွန်လမှာ သေဆုံးခဲ့တဲ့ ဂျီရိုမွန်ကီမူရာလည်း ပါဝင်ပါတယ်။

ဂင်းနစ်စံချိန်မှတ်တမ်းအရ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ ပြင်သစ်နိုင်ငံမှ Jeanne Louise Calment ဖြစ်ပြီး ၁၉၉၇ ခုနှစ်က အသက် ၁၂၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က