စိုင်းစိုင်းခမ်းလှိုင်ကတော့ ဂျပန်နိုင်ငံ တိုကျိုမှာရှိတဲ့ မြန်မာပရိသတ်တွေအတွက် အောက်တိုဘာလ ၂၁ ရက်နေ့ဆိုရင် တစ်ကိုယ် တော် ဖျော်ဖြေပွဲ သွားလုပ်မယ်လို့ သိရပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံထားရတဲ့ သူ့ရဲ့ အိမ်ထောင်ရေး အကြောင်းကိုလည်း ဖွင့်ပြောပြလာပါတယ်။
အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ မြန်မာပရိသတ်တွေအတွက် ဖျော်ဖြေရေး အစီအစဉ်လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေအတွက်ကိုလည်း စက်တင်ဘာလ ၁၄ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ စီစဉ်ကျင်းပသွားမယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။
'' ဂျပန်မှာ အောက်တိုဘာ ၂၁ ရက်နေ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ တိုကျိုမှာပါပဲ၊ တိုကျိုက ပရိသတ်တွေက အခုဆိုရင် လက်မှတ်တောင် ကြို ဝယ်ပြီးတော့ စောင့်နေကြပြီ။ အဲ့ဒီအတွက် တော်တော်လေး စိတ်လှုပ်ရှားတယ်။ တိုကျိုမှာ မြန်မာပရိသတ်တွေက အများကြီးပါပဲ။ ကျွန်တော် အလည်သွားတုန်းကဆို တော်တော်လေး ပျော်ဖို့ကောင်းခဲ့တယ်'' လို့ သူကဆိုပါတယ်။
ဂီတလောကမှာ ဒီနေ့အချိန်ထိ ထိပ်တန်းအဆိုတော် တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အချစ်ရေးကိုတော့ မိန်းကလေး တိုင်းက စိတ်ဝင်စားကြမှာ အသေအချာပါပဲ။ သူ့အနေနဲ့ အချစ်ရေးကတော့ အမြဲတမ်းကံကောင်းတတ်တယ် ဆိုတာကို စက်တင်ဘာလ ၁၅ ရက်နေ့က သူ့ရဲ့ တစ်ကိုယ်တော်ရှိုးပွဲအတွက် စာနယ်ဇင်းအသိပေးပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။
'' အိမ်ထောင်ကတော့ ပြုချင်ပါတယ်။ အခုလောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး။ နောက် ၂ လမှာ ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားကို လည်း နီးရင် ရိုက်ဖြစ်တာ၊ မရိုက်ဖြစ်တာတွေရှိမှာ ဆိုတော့ ကျွန်တော် မပြောရဲတာပါ။ အရှည်သဖြင့် ကိစ္စတွေ ဘာမှကို ကျွန်တော် မပြောရဲ သေးတာပါ။ အချစ်ရေးမှာ ကျွန်တော်ကံကောင်းပါတယ်။ အမြဲလိုလို ကံကောင်းတတ်ပါတယ်။ ခြေချော်လေးတွေ ဖြစ်တာပဲရှိတာပါ'' လို့ ဆိုပါတယ်။
တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ရင်ခုန်နေပြီဆိုတဲ့ စိုင်းစိုင်း
စိုင်းစိုင်းကို ချစ်တဲ့ ပရိသတ်ရှိသလို မမုန်းပဲ နဲ့ Troll တဲ့ပရိသတ်တွေ များစွာရှိပါတယ်။ စိုင်းစိုင်းခမ်းလှိုင် မျက်နှာကို အသုံးပြုပြီး ပုံစံအမျိုးမျိုး တွေ စတတ်၊ နောက်တတ်တာတွေရှိတာကိုလည်း တွေ့ရပါတယ်။ ဒီအတွက်တော့ စိုင်းစိုင်းက ထွေထွေထူးထူး တုံ့ပြန်ခဲ့တာတွေ မရှိပါဘူး။
'' ကျွန်တော့်ရဲ့ ဓာတ်ပုံတွေကလည်း တစ်မျိုးပြီး တစ်မျိုး မရိုးအောင် တက်နေတာဆိုတော့ တချို့ ဓာတ်ပုံတွေဟာ အမှန်အကန်ပုံတွေလည်း ရှိသလို၊ တချို့ ဓာတ်ပုံတွေကိုလည်း ဖြတ်၊ ဆက်၊ ကပ်၊ ညှပ်ပြီး လုပ်ထားတဲ့ ဓာတ်ပုံတွေလည်း ရှိတယ်။ ဒါတွေကိုတော့ တစ်ပုံချင်းစီ သီးသန့် ပြောပြမှ ရတဲ့ အခြေအနေတစ်ခုပါ'' လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ တစ်ကိုယ်တော် ရှိုးပွဲအတွက် လက်မှတ်တွေကိုတော့ စက်တင်ဘာလ ၁၆ ရက်နေ့ ကစပြီး Junction City မှာ ရောင်းချ သွားမယ် လို့လည်း စိုင်းစိုင်းက ကြေညာခဲ့ပါတယ်။ သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Sai Sai is Sai Sai အခွေအသစ်ကိုတော့ ၂၀၁၈ ခုနှစ် မတ်လအတွင်းက ထွက်ရှိခဲ့ တာဖြစ်ပါတယ်။ ဒီအခွေကလည်း အရင်အခွေတွေထက် အောင်မြင်မှု တွေအများကြီး ပိုင်ဆိုင်ခဲ့ပါတယ်။