ဂျူ့ဖ်က Goal.com နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းဟောင်းအနေနဲ့ ပေါ့ဆလို့မရဘူးလို့ ပြောဆိုခဲ့ပြီး စတီဗင်ဂျရတ်ရဲ့ ခြေချော်လဲကျခဲ့မှုကြောင့် ဆုဖလားဆုံးရှုံးခဲ့ရပုံကို ဥပမာပေးပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းကစားသမားဟောင်းဂျူ့ဖ်က အသင်းဟောင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို လက်ဝယ်ပိုင်ပိုင်မရရှိသေးဘူးလို့ သတိပေးလိုက်ပြီး ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင်တယ်လို့ သတိပေးစကားဆိုခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာက မန်စီးတီးကို ၂၅ မှတ်အထိ ဖြတ်တောက်ထားတာဖြစ်ပါတယ်။
နောက်ထပ်နှစ်ပွဲအနိုင်ရရုံနဲ့ ချန်ပီယံဖြစ်တော့မယ့် လီဗာပူးလ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ်ပွဲတွေရွှေ့ဆိုင်းခဲ့ရလို့ ဆုဖလားရရှိဖို့အတွက် စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျူ့ဖ်က Goal.com နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းဟောင်းအနေနဲ့ ပေါ့ဆလို့မရဘူးလို့ ပြောဆိုခဲ့ပြီး စတီဗင်ဂျရတ်ရဲ့ ခြေချော်လဲကျခဲ့မှုကြောင့် ဆုဖလားဆုံးရှုံးခဲ့ရပုံကို ဥပမာပေးပြောဆိုသွားခဲ့ပါတယ်။
အဆိုပါရာသီကတော့ လီဗာပူးလ်ဟာ နည်းပြဘရန်ဒန်ရော်ဂျာလက်ထက်မှာ ဆုဖလားရရှိဖို့ အနီးစပ်ဆုံးအနေအထားဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲမှာ ဂျရတ်ရဲ့ လဲကျခဲ့မှုကတဆင့် ချယ်လ်ဆီးတိုက်စစ်မှူးဒမ်ဘာဘာက အနိုင်ဂိုးသွင်းယူခဲ့ကာ လီဗာပူးလ်ရဲ့ ဆုဖလားအိပ်မက်ကို ရိုက်ချိုးပစ်ခဲ့တာဖြစ်ပါတယ်။
"သချင်္ာနည်းအရတော့ အနိုင်ရနေပြီလို့ ဆိုရပေမယ့် ဘာတစ်ခုမှတော့ မနိုင်သေးပါဘူး၊ အလုံးစုံပြီးမြောက်မှုမရှိသေးဘဲနဲ့ ဘောလုံးမှာ အောင်မြင်ပြီလို့ ပြောလို့မရပါဘူး၊ ချန်ပီယံဖြစ်ဖို့ ရာနှုန်းပြည့်အခွင့်အရေးရှိနေခဲ့ရင်တောင်မှ လွဲချော်နိုင်ပါသေးတယ်၊ ပြီးခဲ့တဲ့နှစ်အနည်းငယ်က လီဗာပူးလ်အသင်းဦးဆောင်နေခဲ့ပြီးမှ စတီဗင်ဂျရတ်ခြေချော်လဲကျခဲ့လို့ အရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်"
"ဒါက ခင်ဗျားအတွက်ရော၊ ကျွန်တော့်အတွက်ပါ ဘောလုံးဆိုတာ ဒါပါပဲလို့ ပြောနေသလိုပါပဲ၊ လီဗာပူးလ်ဖလားရဖို့ထက် ဘဝတွေက ပိုပြီးတော့ အရေးကြီးပါတယ်၊ အရင်ဦးဆုံး ကျွန်တော်တို့အားလုံး လုံခြုံစိတ်ချစွာနဲ့ အသက်ရှင်နိုင်ဖို့ ကြိုးစားပြီးမှ လိဂ်ပွဲတွေပြန်ကစားမယ့်အကြောင်း၊ ဒါမှမဟုတ် ဆုဖလားအကြောင်းပြောရမှာပါ၊ အားလုံးက လီဗာပူးလ်ဖလားရသင့်မရသင့်ပြောနေပေမယ့် အခြားအသင်းတွေကလည်း အရေးကြီးပါတယ်" လို့ ဂျူ့ဖ်က ပြောဆိုသွားခဲ့ပါတယ်။