ပထမပိုင်း ၉ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့သူပါ။

လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ယမန်နေ့ညက ဆဲလ်ဘတ်အသင်းကို ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ လီဗာပူးအသင်း အနိုင်ရရှိအောင် ကူူညီပေးနိုင်ခဲ့ပြီးနောက် ဂျရတ်နဲ့ ဆာလာတို့နဲ့အတူ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး လီဗာပူးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆာဒီယိုမာနေးဟာ ဗုဒ္ဓဟူးနေ့ညမှာ ယခုရာသီ ၇ ဂိုးမြောက်သွင်းဂိုးအဖြစ် လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ၂၅ မိနစ်မှာ အန်ဒီရောဘတ်ဆန်က လီဗာပူးအသင်းအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။



မိုဟာမက်ဆာလာက ၃၆ မိနစ်မှာ တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဆဲလ်ဘတ်အသင်းအတွက် ဟွမ်ဟီးချန်းက ပထမပိုင်းမပြီးဆုံးခင်မှာ ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ လီဗာပူးအသင်းက ၃-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မီနာမီနိုနဲ့ ဟာလန်းတို့ရဲ့ ချေပဂိုးတွေကို အံ့အားသင့်ဖွယ် ဆက်တိုက်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဆဲလ်ဘတ်အသင်းဟာ ၎င်းရဲ့ပြင်းထန်တဲ့ကစားနှုန်းကို မထိန်းသိမ်းနိုင်ခဲ့ဘဲ ဒုတိယပိုင်းပြီးဆုံးဖို့ မိနစ် ၂၀ အလိုမှာ ဆာလာရဲ့ ဦးဆောင်ဂိုးကို ပြန်လည်ခွင့်ပြုပေးခဲ့ရပြီး လီဗာပူးအသင်းက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါလက်ရွေးစင်ကြယ်ပွင့် ဆာဒီယိုမာနေးဟာ ဆဲလ်ဘတ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ စတီဗင်ဂျရတ်နဲ့ မိုဟာမက်ဆာလာတို့ရဲ့နောက် ချန်ပီယံလိဂ်သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူနိုင်တဲ့ လီဗာပူးအသင်းရဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးဂန္တဝင်ကွင်းလယ်ကစားသမား စတီဗင်ဂျရတ်က ချန်ပီယံလိဂ်သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး မိုဟာမက်ဆာလာက ၁၅ ဂိုး သွင်းယူပေးထားတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်စနေနေ့မှာ လက်စတာစီးတီးအသင်းကို အိမ်ကွင်းအန်းဖီးမှာ လက်ခံယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က