ပိတ်မိနေတဲ့ လူ(၁၃)ဦးအတွက် အောက်ဆီဂျင်ဗူးတွေ၊ အစာအဟာရတွေလည်း သယ်ဆောင်သွားပါတယ်။

ဂူအတွင်း ပျောက်ဆုံးသွားတဲ့ ကလေးတွေကို ကယ်ဆယ်ရှာဖွေရေးလုပ်နေတဲ့ ထိုင်းတော်ဝင်ရေတပ်ရဲ့ အထူးအဖွဲ့ဟာ ကလေးတွေ ရှိနေနိုင်တဲ့ နေရာကို ရေငုပ်ရှာဖွေရှေ့တိုးရင်း ထိန်းချုပ်ညွှန်ကြားပေးတဲ့ နေရာနဲ့ ဆက်သွယ်နိုင်ဖို့ ရေအောက်ကနေ ဆက်သွယ်ရေးလိုင်းကိုလည်း သွယ်တန်းနေကြတယ်လို့ တာချီလိတ်သတင်းအေဂျင်စီကနေ သိရပါတယ်။

 

အထူးရေငုပ်အဖွဲ့က ဂူအတွင်း အခန်းအမှတ်(၃)ကနေ ကလေးတွေပိတ်မိနေနိုင်တဲ့နေရာကိုရောက်ဖို့ မနေ့ နေ့လယ်ကတည်းက ရှေ့တိုးသွားနေတာဖြစ်ပေမဲ့ အဲဒီနေရာမှာ ရွံ့ရေနစ်မြုပ်နေဆဲဖြစ်တဲ့အပြင် ဂူအတွင်း အလင်းရောင်မရတာကြောင့် ရေငုပ်ရှာဖွေနေတဲ့ ရေတပ်အထူးအဖွဲ့ဟာ flashlight(ခေါင်းပေါ်မှာတပ်ဆင်ထားတဲ့မီးအလင်း)လေးတွေက မီးအလင်းရောင်နဲ့ပဲ ရွှံ့ရေမြုပ်နေတဲ့ ကျောက်ဂူအတွင်း လမ်းကြောင်းရှာနေကြတယ်လို့ သိရပါတယ်။

ဒီအပိုင်းက ကယ်ဆယ်ရေးသမားတွေ အတွက် အောက်ဆီဂျင်က အရေးအကြီးဆုံး ဖြစ်တာကြောင့် ရှေ့ဆက်တိုးတဲ့ အကွာအဝေးနဲ့ အောက်ဆီဂျင်လုံလောက်အောင်လည်း စီစဉ်နေကြရသလို သူတို့လာတဲ့ လမ်းတလျှောက် ဂူအတွင်းပိုင်း (၂၅)မီတာအကွာတိုင်းမှာ အောက်ဆီဂျင်ဗူးတွေကို အမှတ်အသားနဲ့ ထားရပါတယ်။

သူတို့ရှေ့ဆက်တိုးဖို့ အဓိက လုပ်ဆောင်ရတာက လမ်းကြောင်းပြတဲ့ ကြိုးတွေ သွယ်တန်းရတာပါ။ ပိတ်မိနေတဲ့ လူ(၁၃)ဦးအတွက် အောက်ဆီဂျင်ဗူးတွေ၊ အစာအဟာရတွေလည်း သယ်ဆောင်သွားရသလို တွေ့တဲ့ အချိန်မှာ ရေငုပ်ဝတ်စုံ အကူအညီနဲ့ ခေါ်ထုတ်ဖို့ သူတို့ကို ညွှန်ကြားပြသပေးဖို့လည်း ပြင်ဆင်ထားကြတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရှာဖွေရေးကို အဓိက ဦးဆောင်လုပ်နေတဲ့ ရေတပ်အထူးအဖွဲ့ဟာ အဖွဲ့တွေခွဲပြီး လမ်းကြောင်းရှာဖွေရင်း ရှေ့တိုးနေကြသလို ဂူအပေါ်ပိုင်းကနေ ဆင်းလာဖို့ကြိုးစားနေတဲ့အဖွဲ့တွေကလည်း နောက်ထပ် ဖြစ်နိုင်ခြေတွေ ရှာဖွေတာကို ထမ့်လွမ်ဂူအတွင်း ကယ်ဆယ်ရှာဖွေရေး (၉)ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ(၁)ရက်နေ့ နေ့လယ်အထိ လုပ်နေကြဆဲဖြစ်ပါတယ်။

ထိုင်းတော်ဝင်ရေတပ်ရဲ့ အထူးအဖွဲ့ကို ကြီးကြပ်နေတဲ့ ခေါင်းဆောင်က ပိတ်မိနေတဲ့ ကလေးတွေကို တွေ့တဲ့အထိ ရှာဖွေရေးကို လုပ်သွားမယ်လို့ ဇူလိုင်လ (၁)ရက်နေ့ မနက်မှာ ပြောကြားလိုက်ပါတယ်။ အသက် ၁၁ နှုစ်ကနေ အသက် ၁၇ နှစ်အရွယ်အထိ ကျောင်းသား ၁၂ ဦးနဲ့ နည်းပြတစ်ဦးတို့ဟာ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက မယ်ဆိုင်မြို့ပေါ်မှာ ၉ နာရီကနေ ၁၁ နာရီအထိ ဘောလုံး လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ဂူအတွင်းသို့ ဝင်ရောက်ပြီး ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

Photo _ Tachileik News Agency

Share

Loading Next Article...
က္က