စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ကို ကျပ်သိန်း(၂၀၀)ကျော် ပြန်လည်ပေးဆပ်ဖို့အတွက် နိုင်ငံတော်ပိုင် သတင်းစာကနေ Striking Thunder Entertainment မှ ဦးကျော်ကျော်ထွန်းက သြဂုတ်လ(၁၈) ရက်နေ့က အသိပေး ကြေညာခဲ့ပါတယ်။ အဲ့ဒီကြေညာ ချက်နဲ့ ပတ်သက်ပြီး စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ဒီနေ့ထုတ်သတင်းစာကနေ ပြန်လည်ဖြေရှင်းလိုက်ပြီး စိုးမြတ်နန္ဒာက သူမရဲ့ နစ်နာမှုအတွက် ဦးကျေ်ာကျော်ထွန်းကို ငွေကျပ် သိန်း(၁၅၀၀၀) ပြန်လည်တောင်းခံလိုက်ပါတယ်။
Photo : စိုးမြတ်နန္ဒာ FB
အဆိုတော် စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ကို Striking Thunder Entertainment မှ ဦးကျော်ကျော်ထွန်းဟာ ငွေကျပ် သိန်းနှစ်ရာကျော် နည်းပါးကို ပြန်လည်ပေးဆပ်ဖိုု့အတွက် သြဂုတ်လ(၁၈) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာကနေ ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုခဲ့တာ တွေ့ရပါတယ်။
ယင်းကြေညာချက်နဲ့ ပတ်သက်ပြီး စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ဒီနေ့(သြဂုတ်လ၂၀ရက်)ထုတ် မြန်မာ့အလင်းသတင်းစာကနေ ငွေကြေး အရှုပ်အရှင်းကိစ္စများကို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
Photo : စိုးမြတ်နန္ဒာ FB
စိုးမြတ်နန္ဒာဟာ သြဂုတ်လ(၁၈) ရက်နေ့ ဦးကျော်ကျော်ထွန်း ကြေညာချက်ထုတ်ထားတဲ့ ငွေကြေး ကိစ္စများ ဟာ သူမနဲ့ လုံးဝမသတ်ဆိုင် ကြောင်း သြဂုတ်လ(၂၀) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာကနေ ပြန်ဖြေရှင်းထားတာ တွေ့ရပါတယ်။သူမအနေနဲ့ ယင်းအမှုမှာ ပါဝင်ပတ်သက်ထားခြင်း မရှိမှန်းသိပါလျက်နဲ့ သူမကို နာမည်တပ်ကာ အများသိစေရန်ဟူ၍ သတင်းစာမှ ငွေ တောင်းခံ လာခဲ့ပါတယ်။
ငွေကြေးကိစ္စနဲ့ စိုးမြတ်နန္ဒာရဲ့ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ တမင်ဆောင်ရွက်ခြင်း ဖြစ်တာကြောင့် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမည်ဆိုပြီး ယင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ ထို့အပြင် သူမကို ဂုဏ်သိက္ခာကျဆင်းစေတဲ့ နစ်နာမှုအတွက် ငွေကျပ် သိန်း(၁၅၀၀၀)ကို ယနေ့မှ စ၍ (၇)ရက်အတွင်း ပေးဆပ်ရန် တောင်း လိုက် ထားပြီး ထိုတောင်းဆိုချက်ကို မလိုက်နာပါက တည်ဆဲဥပဒေ နဲ့အညီ တရားဆွဲဆိုတော့မည်ဖြစ်ကြောင်း စိုးမြတ်နန္ဒာဘက်က ပြန်လည် ဖြေရှင်း ကြေညာထားတာ တွေ့ရပါတယ်။
စိုးသူအနေနဲ့လည်း ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းထားတာ တွေ့ရပါတယ်။Striking Thunder Entertainment ဦးကျော်ကျော်ထွန်းဟာ မန္တလေးမှာ ကျင်းပခဲ့တဲ့ စိုးသူရဲ့ One Night in Mandalay ဖျော်ဖြေပွဲကို စီစဉ်ပေးခဲ့သူ ဖြစ်ပြီး စိုးသူကိုယ်တိုင် ကုန်ကျခံထားပြီးအသံသွင်းထားတဲ့ "အမြတ်နိုးဆုံးမင်းအကြောင်းလေး" စီးရီးမာစတာခွေကို ဖြန့်ချိခဲ့သူလည်း ဖြစ်တယ် လို့ သိရပါတယ်။
၂၀၁၅ခုနှစ်လောက်က ဦးစိုးသူ လိုအပ်တဲ့ ငွေကို ဦးကျော်ကျော်ထွန်းက စာချုပ်စာတမ်းမရှိပဲ စိုက်ထုတ်ခဲ့ပြီး စိုးသူကို ပေးဖို့ရှိတဲ့ အနုပညာ ကြေးများနဲ့ နှိမ်မယ်လို့ ပြောခဲ့ပါတယ်။ စိုးသူက အနုပညာလုပ်ငန်းများ လုပ်ဆောင်ပြီးတဲ့အချိန်အထိ ကျော်ကျော်ထွန်းအနေနဲ့ အနုပညာ ကြေးများ မပေးခဲ့ပဲ သူရရှိမယ့် ငွေကြေးများကို အတိုးနှုန်းများယူကာ ပြန်လည်ပေးဆပ်ဖို့အတွက် ပြောခဲ့ပါတယ်။
ဦးကျော်ကျော်ထွန်းဟာ အနုပညာလုပ်ငန်းများကြား စာချုပ်စာတမ်း မချုပ်ဆိုထားသလို စိုးသူရဲ့ အနုပညာကြေးရှင်းပေးဖို့အတွက် ပြော သော်လည်း လုပ်ပေးထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ဦးကျော်ကျော်ထွန်း စိုက်ထားတဲ ငွေအပေါ် အတိုးအရင်းပေါင်းပြီး စိုးသူရဲ့ အနုပ ညာကြေးမှ နှိမ်ပေးဖို့အတွက် (၂၄.၃.၂၀၁၇) ရက်နေ့တွင် ညှိနှိုင်းခဲ့ပြီး ငွေကျပ် သိန်း (၇၅၀)ကျော်ကို ပေးဆပ်ဖို့အတွက် ညှိနှိုင်းခဲ့ကြတယ် လို့ ယင်းသတင်းစာမှာ ရေးသားထားပါတယ်။
စိုးသူအနေနဲ့ ထိုကိစ္စဟာ တရားမျှတမှု မရှိမှန်းသိသော်လည်း ကျော်ကျော်ထွန်းနဲ့ ရှေ့ဆက်မပတ်သက်လိုတာကြောင့် ထိုငွေကို (၄) ကြိမ် ခွဲပေးရန် ပထမဆုံးအကြိမ် စာချုပ်ချုပ်ဆိုပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ စာချုပ်အရ နောက်ဆုံးပေးချေရန် သတ်မှတ်ရက်မှာ စက်တင်ဘာ(၇) ရက်နေ့ဖြစ်ပြီး ယင်းမတိုင်မှီ သတင်းစာမှ ကြေညာခြင်း ဖြစ်တယ်လိုု့ စိုးသူရဲ့ ရှေ့နေက ပြောထားပါတယ်။
စာချုပ်ပါ ငွေကြေးကိစ္စများကို စိုးသူထံမှ တိုက်ရိုက်အကြောင်းကြားစာ ပေးပို့ပြီး တောင်းခံရမယ့် ကိစ္စဖြစ်ပေမယ့်လည်း ပုဂ္ဂိုလ်ရေး ကိစ္စကို သတင်းစာမှ ကြေညာခြင်းသည် ဂုဏ်သိက္ခာကျဆင်းစေရန် တမင်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းစာကြေညာတဲ့ နေ့မတိုင် မှီ ညနေအထိ စိုးသူနဲ့ ဦးကျော်ကျော်ထွန်း တို့ အဆက်အသွယ်ရှိခဲ့တယ်လို့လည်း ပြောထားပါတယ်။
ဒါပေမယ့်လည်း အနုပညာသမားတစ်ဦးဖြစ်တဲ့ စိုးသူ ကို တမင်နစ်နာစေရန် ရည်ရွယ်ပြီး မလိုအပ်ဘဲ သတင်းစာမှ ကြေညာခြင်းအတွက် စိုးသူ ဘက်က ဦးကျော်ကျော်ထွန်းကို ဥပဒေနဲ့အညီ လိုအပ်သလို တရားစွဲဆိုသွားမယ်ဆိုပြီး ယနေ့ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။
Share