မနေ့ညက ဘင်ဖီကာနဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာရဲ့ မှတ်စုစာအုပ်အတွင်း ရေးသားထားတဲ့ အမ်ဘာပေအတွက် မှတ်ချက်ကို မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီတို့ ပထမပိုင်းမှာ အမ်ဘာပေရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ မာရီယိုရဲ့ ပင်နယ်တီချေပဂိုးကို ခွင့်ပြုလိုက်ရတာကြောင့် အိမ်ကွင်းမှာ တဂိုးစီသရေနဲ့ကျေနပ်ခဲ့ရပါတယ်။
ဒီပွဲမတိုင်ခင်မှာ အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီမှာ အဆင်မပြေဖြစ်နေပြီး လာမယ့်ဆောင်းရာသီမှာတင် အသင်းကထွက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် အမ်ဘာပေက ပီအက်စ်ဂျီမှာ သူ့စိတ်ကြိုက် ကစားခွင့်မရတဲ့အပေါ် စိတ်ပျက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဒါကိုလည်း အမ်ဘာပေက သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ တင်ခဲ့ပါသေးတယ်။
ပီအက်စ်ဂျီအားကစားဒါရိုက်တာ ကမ်းပို့စ်နဲ့ နည်းပြ ဂဲလ်တီယာတို့ဟာ အမ်ဘာပေကို စိတ်တိုင်းကျ ကစားခွင့်မပေးထားဘူးလို့ သိရှိရပြီး ဒီအချက်ကလည်း အမ်ဘာပေကို အသင်းကထွက်ခွာစေနိုင်တဲ့ အချက်အဖြစ် အားလုံးက ယူဆထားပါတယ်။ မနေ့က ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ရုပ်သံမီဒီယာတွေက ဂဲလ်တီယာရဲ့ မှတ်စုစာအုပ်မှာ ရေးသားထားတဲ့ အကြောင်းအရာကို အမိအရ ရိုက်ကူးဖော်ပြခဲ့ပါတယ်။
ဒီစာသားကတော့ “အမ်ဘာပေ အကောင်းဆုံး” လို့ ပြင်သစ်စကားအရ အဓိပ္ပာယ်ထွက်ပြီး နောက်ထပ် အဓိပ္ပာယ်အရတော့ “အမ်ဘာပေ ညာခြမ်း” လို့ ယူဆရကြောင်း သိရှိရပါတယ်။ ဒါကို ဂဲလ်တီယာက သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရေးသားခဲ့သလား ဒါမှမဟုတ် ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ဖုံးကွယ်ဖို့အတွက် ရေးသားခဲ့သလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ ဂဲလ်တီယာအနေနဲ့လည်း မြင်သာထင်သာတဲ့ နေရာမှာ ဒါမျိုးထားခဲ့တာကတော့ အားလုံးအတွက် ပဟေဠိဖြစ်စရာကောင်းခဲ့ပါတယ်။
မနေ့ညကပွဲမှာ အမ်ဘာပေက အသင်းအတွက် တဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ပီအက်စ်ဂျီသမိုင်းတလျှောက် ဥရောပပြိုင်ပွဲတွေမှာ ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒီကစားသမားအနေနဲ့ သတင်းတွေထွက်ပေါ်နေသလိုပဲ လာမယ့်ဆောင်းရာသီမှာ ပီအက်စ်ဂျီကနေ ထွက်ခွာမလား ဒါမှမဟုတ် ကောလာဟလတွေအဖြစ်နဲ့ပဲ ပြီးဆုံးသွားမလား စောင့်ကြည့်ရတော့မှာပါ။