ရော်နယ်ဒိုအတွက် ဂုဏ်ယူစရာဖြစ်ခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အယ်လ်တာဝေါင်နဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာက အဝေးကွင်းမှာ ၁-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး (၂၀၂၃) ခုနှစ်ကို အနိုင်နဲ့ နှုတ်ဆက်ခဲ့ပါတယ်။




ရော်နယ်ဒိုအတွက်လည်း (၂၀၂၃) ခုနှစ်အတွင်း ကလပ်နဲ့ နိုင်ငံပေါင်း သွင်းဂိုးက (၅၄)​ ဂိုးအထိ ရှိခဲ့ပြီး ဒီတစ်နှစ်အတွင်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ သူ့နောက်မှာတော့ အမ်ဘာပေ၊ ဟယ်ရီကိန်းတို့က ရပ်တည်နေပါတယ်။

ဒီကစားသမားနှစ်ယောက်စလုံးက (၅၂)​ ဂိုးစီ သွင်းယူထားနိုင်ပေမယ့် ဆောင်းရာသီအားလပ်ရက်ကြောင့် ပွဲကစားဖို့ မကျန်ရှိတော့ပါဘူး။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ ပွဲစဉ်တွေမှာ ဂိုးတွေ ဆက်တိုက်သွင်းပြီး အခုလိုမျိုး မှတ်တမ်းကောင်းတစ်ရပ်ကို ရရှိခဲ့တာပါ။

အယ်လ်တာဝေါင်နဲ့ပွဲမှာ ရော်နယ်ဒိုက အသင်းဖော် တာလစ္စကာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အယ်လ်အီတီဟတ်ကို ၂-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ပင်နယ်တီကတစ်ဆင့် သွင်းဂိုး နှစ်ဂိုးအထိ ရရှိခဲ့ပါသေးတယ်။

ရော်နယ်ဒိုဟာ လာမယ့် ဖေဖော်ဝါရီလမှာ အသက် (၃၉) နှစ်ပြည့်တော့မယ့် ကစားသမားပါ။ ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ဂိုးသွင်းခြေစွမ်းက လုံးဝကျဆင်းသွားခြင်းမရှိဘဲ နောက်တက်လာတဲ့ ကြယ်ပွင့်တွေနဲ့တောင်မှ ပခုံးချင်းယှဉ်ပြီး ဂိုးသွင်းအကောင်းဆုံးဖြစ်နေခဲ့တာပါ။

Share

Loading Next Article...
က္က