ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားသုံးစွဲသူများကို ဧပြီလကစတင်ကာ ဇူလိုင်လအကုန်အထိ လစဉ်ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။
ယခုအခါ မီတာခ (၁၅၀)ယူနစ် ကင်းလွတ်ခွင့်ကို ဒီဇင်ဘာလကုန်အထိ ဆက်တိုက်လျှော့ချပေးသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကိုဗစ်ကြောင့် ပြည်သူများ စီးပွါးရေးအရ၊ စိတ်ဓာတ်ရေးရာအရ ကျပ်တည်းခြင်းများစွာရှိနေတာကြောင့် အခုလို လစဉ် မီတာခ (၁၅၀)ယူနစ်ကိုအခမဲ့သုံးစွဲခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူတွေအနေနဲ့ သုံးစွဲမှု (၁)ယူနစ်မှ (၁၅၀)ယူနစ်အထိ သုံးစွဲသူများကို ယူနစ်အလိုက်ဓာတ်အားကျသင့်ငွေအပါအဝင် မီတာဝန်ဆောင်ခကိုပါ ကင်းလွတ်ခွင့်ပြုမှာဖြစ်ပါတယ်။
(၁၅၀)ယူနစ်အထက် သုံးစွဲသူတွေအနေနဲ့ကတော့ (၁၅၁)ယူနစ်ကနေစပြီး သုံးစွဲထားတဲ့ ယူနစ်အတိုင်း မီတာခကိုပေးဆောင်ရမှာပါ။ အိမ်သုံးမီတာအမျိုးအစားတွေကိုသာ လစဉ် (၁၅၀)ယူနစ်ကင်းလွတ်ခွင့်ပြုမှာဖြစ်ပြီး နိုင်ငံတကာသံရုံးတွေနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကိုတော့ မူလသတ်မှတ်နှုန်းထားတိုင်း ကောက်ခံသွားမှာဖြစ်ပါတယ်။
အစိုးရက မီတာက ကင်းလွတ်ခွင့်ကို လအလိုက်ကြေညာခဲ့ပေမယ့် ဇူလိုင်လ၁၅ရက်နောက်ပိုင်း ၇၅ယူနစ်ထပ်မံလျှော့ပေးတဲ့ကြေညာချက်ကို သြဂုတ်၁၈ရက်နေ့မှ ထုတ်ပြန်ကြေညာတဲ့အတွက် သြဂုတ်လ ပထမနှစ်ပတ်အတွင်း မီတာခပေးဆောင်ပြီးသူတွေအနေနဲ့ ထပ်မံလျှော့ပေးတဲ့ ၇၅ယူနစ်ကို ခံစားခွင့်မရှိလို့ ဝေဖန်မှုအချို့လည်းရှိနေပါတယ်။