ကစားသမားတွေထဲမှာ အဂူရို၊စတားလင်း၊ဒီဘရိုင်း၊ဖာမီနို၊ပူကီနဲ့ဘားနက်စ်တို့ ပါဝင်နေပြီး နည်းပြထဲမှာဆိုရင် ဂါွဒီယိုလာ၊ကလော့ပ်၊ရွိုင်းဟော့ဆန်နဲ့ရော်ဂျာတို့ ပါဝင်နေပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲက လစဉ်ပေးအပ်လေ့ရှိတဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် စာရင်းမှာတော့ နောဝှစ်တိုက်စစ်မှူးပူကီ၊မန်စီးတီးက ဒီဘရိုင်း၊အဂူရိုနဲ့စတားလင်း၊လီဗာပူးက ဖာမီနိုနဲ့ ဘန်လေ က အက်ရှ်လေ ဘားနက်စ်တို့ ပါဝင်နေတယ်လို့ BBC SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
နောဝှစ် တိုက်စစ်မှူး ပူကီကတော့ တစ်လတာ အကောင်းဆုံးဆုအတွက် ပထမဆုံး အကြိမ် ဆန်ခါတင်စာရင်း မှာ ပါဝင်လာခဲ့တာဖြစ်ပြီး သြဂုတ်လအတွင်းကစားခဲ့တဲ့ ပွဲ ၄လေးပွဲမှာ ၅ ဂိုးထိသွင်းယူထားနိုင်ပါတယ်။
ဒါ့အပြင် နယူးကာဆယ်နဲ့ပွဲမှာလည်း တစ်ဦးတည်း ဟက်ထရစ်သွင်းယူထားနိုင်သလို ဂရိကို အနိုင်ရခဲ့တဲ့ ဖင်လန် အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးထားနိုင်သူပါ။
ဒီလို မထင်မှတ်လောက်စရာ ခြေစွမ်းတွေကြောင့်လည်း ပရိသတ်တွေက ပေးအပ်တဲ့ PFA Fans’ player of the month ဆုကို သြဂုတ်လအတွက် ရရှိပြီးလည်း ဖြစ်ပါတယ်။
မန်စီးတီး တိုက်စစ်မှူး အဂူရိုကတော့ ၄ ပွဲမှာ ၆ဂိုးနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ဦးဆောင်နေ သူပါ။အသင်းဖော် စတားလင်းကလည်း နောဝှစ်တိုက်စစ်မှူး ပူကီနည်းတူ ၅ ဂိုးထိသွင်းထားပြီး နောက်ထပ် အသင်းဖော် ဒီဘရိုင်ကတော့ စံချိန်အမြင့်ဆုံး တစ်ဦးတည်း ၅ ဂိုးထိဖန်တီးပေးထားနိုင်ပါတယ်။
ဘန်လေအသင်းရဲ့ ကစားသမား အက်ရှ်လေ ဘားနက်စ်ကလည်း အသင်းအတွက် ကစားပေးခဲ့တဲ့ ပထမဆုံး ၃ ပွဲမှာတင် ၄ ဂိုးထိရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူပါ။
ကစားသမားတွေအပြင် တစ်လတာ အကောင်းဆုံး နည်းပြဆုအတွက်လည်း လီဗာပူးနည်းပြ ကလော့ပ်၊မန်စီ တီးနည်းပြ ဂါွဒီယိုလာ၊ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်နဲ့ လက်စတာ နည်းပြ ရော်ဂျာတို့ ဆန်ခါတင် စာရင်းပါ ဝင်နေပါတယ်။
လီဗာပူး နည်းပြ ကလော့ပ်ကတော့ အသင်းကို ရာနှုန်းပြည့် နိုင်ပွဲရအောင် စွမ်းဆောင်ထားချိန်မှာ လက်စတာ နည်းပြကလည်း ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။
ဒီအချိန်မှာတော့ အသက် ၇၂ နှစ်အရွယ် ပရီးမီးယားလိဂ်ရဲ့ အသက်အကြီးဆုံး နည်းပြကြီး ရွိုင်းဟော့ဆန်က လည်း ယူနိုက်တက်ကို ပဲလေ့စ်အသင်းသမိုင်းတစ်လျှောက် ၁၉၉၁ နောက်ပိုင်း ပထမဆုံးအကြိမ် အိုးထရက်ဖို့ဒ် မှာ နိုင်ပွဲရအောင်စွမ်းဆောင်ထားနိုင်ပါသေးတယ်။
ဒီလို ကစားသမားတွေကလည်း အပြိုင်အဆိုင် စွမ်းဆောင်ရည်ကောင်းတွေကို သူမတူအောင်ပြသထားနိုင်သလို နည်းပြတွေကလည်း မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် သြဂုတ်လအတွက် အကောင်းဆုံးဆုတွေ ကတော့ ရွေးချယ်ရ အတော်လေး ခက်မယ့် အနေအထားမှာရှိနေပါတယ်။