ပူကီဟာ နော်ဝှစ်ချ်အတွက် လေးပွဲကစားအပြီးမှာ ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး နာမည်ကျော်ကစားသမားတွေကို ကျော်ဖြတ်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရာသီအစမှာ ထင်မှတ်မထားတဲ့ ခြေစွမ်းတွေကို ပြသနေပြီး ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ နော်ဝှစ်ချ်တိုက်စစ်မှူးတီမူပူကီဟာ သြဂုတ်လရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆန္ဒမဲအများဆုံးနဲ့ ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။ ပူကီဟာ နော်ဝှစ်ချ်အတွက် လေးပွဲကစားအပြီးမှာ ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
90 min ရဲ့ ဖော်ပြချက်အရ ပူကီအနေနဲ့ ပြိုင်ဘက်ကောင်းတွေကို ကျော်ဖြတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပေးခဲ့ပြီး လီဗာပူးလ်၊ ချယ်လ်ဆီးတို့ကိုလည်း တစ်ဂိုးစီသွင်းယူပေးနိုင်ခဲ့တဲ့အတွက် ပူကီက အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ ပရိသတ်တွေက နှစ်သက်ရာကစားသမားကို ရွေးချယ်ပေးနိုင်မှာဖြစ်ပြီး ပူကီက မဲအများဆုံးရရှိခဲ့တာဖြစ်ပါတယ်။
တန်းတက်အသင်းတစ်သင်းရဲ့ မထင်မရှားတိုက်စစ်မှူးဟာ ရာသီအစမှာပဲ ထိပ်တန်းတိုက်စစ်မှူးတွေနဲ့အပြိုင် ခြေစွမ်းပြခဲ့ပါတယ်။ နော်ဝှစ်ချ်ကို တန်းတက်လာနိုင်အောင် သူ့ရဲ့သွင်းဂိုး ၂၉ဂိုးနဲ့ ပူကီက ကူညီပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးထားခဲ့ပါတယ်။ ပူကီကတော့ အသက် ၂၉ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဖင်လန်လက်ရွေးစင်ကစားသမားလည်းဖြစ်ပါတယ်။
ပူကီဟာ မန်စီးတီးတောင်ပံကစားသမား စတာလင်နဲ့ ဒီဘရိုင်း၊ ချယ်လ်ဆီးကွင်းလယ်လူမေဆွန်မောင့်၊ ဘန်လေတိုက်စစ်မှူးအက်ရှ်လေဘားနက်စ် နဲ့ ဗီလာကွင်းလယ်လူတိုင်ရွန်မင်းတို့ကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ နော်ဝှစ်ချ်ကတော့ နိုင်ငံတကာပွဲတွေကစားအပြီးမှာ မန်စီးတီးနဲ့ ထပ်မံရင်ဆိုင်ရဦးမှာဖြစ်ပြီး ပူကီအနေနဲ့ တတိယမြောက်အသင်းကြီးတစ်သင်းကို ဂိုးသွင်းနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။