ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မန္တလေး-မူဆယ် လမ်းမကြီး ကွတ်ခိုင်မြို့မရောက်ခင် တံတား(၂)စင်းလည်းဖျက်ဆီးခံထားတာကြောင့် ဂုတ်တွင်းတံတားပြီးစီးသွားရင်တောင်မှ နောင်ချို၊လားရှိုး၊မူဆယ်ဘက်ကို ခရီးဆက်နိုင်မှာ မဟုတ်သေးဘူးလို့ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးသူရဟန်ထွန်းအောင်က ပြောပါတယ်။
photo-ဆောက်လုပ်ရေးဝန်ကြီးဌာန( ဂုတ်တွင်းတံတားပြန်လည်တည်ဆောက်နေမှု)
သြဂုတ်လ( ၁၅)ရက်နေ့က နောင်ချိုနဲ့ နောင်ပိန်းကြားတိုက်ပွဲဖြစ်ပွားမှုအတွင်း မိုင်းခွဲဖျက်ဆီးခံရတဲ့ ဂုတ်တွင်းတံတားကို လက်ရှိမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဘေလီနှစ်လမ်းသွားတံတားကို အစားထိုးတည်ဆောက်ပေးလျှက်ရှိနေပါတယ်။ ဂုတ်တွင်းတံတားအစားထိုးတည်ဆောက်ပြီးစီးသွားရင်တောင်မှာ တခြားတံတားတွေမိုင်းခွဲဖျက်စီးခံထားရတဲ့အတွက် ခရီးဆက်နိုင်မှာမဟုတ်သေးဘူးလို့သိရပါတယ်။
“ ကျွန်တော်တို့ အခုဂုတ်တွင်းတံတားက အနည်းဆုံးတန်(၆၀)ဝန်ခံနိုင်အောင်တည်ဆောက်ရမှာ။ ဒီတံတားတည်ဆောက်ပြီးရင်တောင် ဟိုဘက်ကို ခရီးမပေါက်သေးဘူး။ ဘာလို့လဲဆိုတော့ ဟိုဘက်မှာ နောက်ထပ်တံတား(၂)စင်းထပ်ဖျက်ဆီးခံထားရတယ်။ ဒါကြောင့်ဟိုဘက်ထိပ်၊ဒီဘက်ထိပ်ထိကို ခရီးပေါက်နိုင်အုံးမှာ မဟုတ်သေးဘူး” လို့ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးသူရဟန်ထွန်းအောင်က Duwun ကိုပြောပါတယ်။
photo-ဆောက်လုပ်ရေးဝန်ကြီးဌာန( ဂုတ်တွင်းတံတားပြန်လည်တည်ဆောက်နေမှု)
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မန္တလေး-မူဆယ် လမ်းမကြီး ကွတ်ခိုင်မြို့မရောက်ခင် တံတား(၂)စင်းလည်းဖျက်ဆီးခံထားတာကြောင့် နောင်ချို၊လားရှိုး၊မူဆယ်ဘက်ကိုဘယ်လိုမှ သွားလို့မရနိုင်ဘူးလို့ ဦးသူရဟန်ထွန်းအောင်ကပြောပါတယ်။ ဒီလမ်းတွေပြန်ပေါက်ဖို့အတွက် ဂုတ်တွင်းတံတားအပါအဝင် ဖျက်က်ဆီးခံထားရတဲ့တံတားအားလုံးကို ပြုပြင်ရအုံးမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဂုတ်တွင်းတံတားကို နှစ်လမ်းသွားဘေလီသံဘောင်များစတင်တပ်ဆင်နေပြီး အမြန်ဆုံးပြီးစီးနိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာက ထုတ်ပြန်ကြေညာထားပါတယ်။