ဂွာဒီယိုလာကို ချန်ပီယံလိဂ်ဖလားမရရှိအောင် အာဖရိကနတ်ဆရာတွေနဲ့ ကျိန်စာတိုက်ခဲ့တာကို ပြန်လည်ရုတ်သိမ်းလိုက်ပြီလို့ ဘာစီလိုနာနဲ့ မန်စီးတီးကစားသမားဟောင်း ယာယာတိုရေးရဲ့ အေးဂျင့် ဒီမီထရီဆီလက်ခ်က ပြောဆိုခဲ့ပါတယ်။ ဂွာဒီယိုလာနဲ့ တိုရေးတို့ လက်တွဲခဲ့စဉ်မှာ ဆက်ဆံရေးအဆင်မပြေမှုတွေရှိခဲ့ပြီးနောက် ဒီလိုမျိုး ကျိန်စာတိုက်ခဲ့တာပါ။
တိုက်ဆိုင်တာပဲလား၊ ကျိန်စာကပဲ အစွမ်းထက်လားမပြောတတ်ပေမယ့် ဂွာဒီယိုလာဟာ ဘာကာကနေ ထွက်ခွာပြီးနောက် ချန်ပီယံလိဂ်ဖလားကို လုံး၀ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိတာ ဒီနေ့အထိပဲဖြစ်ပါတယ်။ အခုအခါမှာတော့ တိုရေးရဲ့ အေးဂျင့်က သူ့ရဲ့ လုပ်ရပ်အတွက် တောင်းပန်မှုတွေ ပြုလုပ်ခဲ့ကာ ဂွာဒီယိုလာလက်အောက်မှာ မန်စီးတီးက ချန်ပီယံလိဂ်အောင်မြင်မှုရရှိလိမ့်လို့ ဆိုခဲ့ပါတယ်။
"အဲဒီလုပ်ရပ်အတွက် ကျနော်တောင်းပန်ပါတယ်၊ ဒီခါးသီးမှုတွေကို ရပ်တန့်ဖို့ အချိန်တန်ပြီလို့လည်း ထင်တယ်၊ ယာယာက မန်စီးတီးအတွက် အောင်မြင်မှုကလွဲလို့ ဘာမှမလိုချင်တဲ့သူဖြစ်တာကြောင့် သူ ထပ်တူခံစားရမယ်လို့ ထင်ပါတယ်၊ ကျနော်ပြောနိုင်တာကတော့ အခုအချိန်မှာ နတ်ဆရာတွေက ဒီကျိန်စာတွေကို ရုတ်သိမ်းလိုက်ပါပြီ၊ ပပ် လက်အောက်မှာ မန်စီးတီးက ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်မယ်လို့ ထင်ပါတယ်"
"ဒီနှစ်မျာ သူတို့တွေ အနိုင်ရဖို့ အခွင့်ကောင်းရှိနေပြီး မရခဲ့ဘူးဆိုရင်တောင် နောက် ၃ နှစ်အတွင်းမှာ သူတို့ရယူနိုင်မှာ သေချာပါတယ်" လို့ ဆီလက်ခ်က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ယာယာတိုရေးက ဒီလိုကိစ္စတွေမှာ သူ ပါဝင်မှုမရှိဘူးဆိုတာကို ချက်ချင်းပဲ တွစ်တာကနေရေးသားပြောဆိုခဲ့ပါတယ်။
"ကျနော့်အေးဂျင့်ဟောင်းကို ကိုးကားပြီး ဒီကျိန်စာတွေအကြောင်း မီဒီယာတွေက ရေးသားခဲ့ကြပါတယ်၊ ဒီလိုမျိုး အဓိပ္ပာယ်မရှိပြီး ပျင်းရိစရာကောင်းတဲ့ ဇာတ်လမ်းပုံပြင်တွေမှာ ကျနော့်ကို ကျေးဇူးပြုပြီးတော့ မဆက်နွယ်ပါနဲ့" လို့ ယာယာတိုရေးက ရေးသားခဲ့ပါတယ်။