ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဂျေးဆုက မန်စီးတီးကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်အချိန်မှာ ချမှတ်ခဲ့လဲဆိုတာ ဖွင့်ဟလာပါတယ်။ ဂျေးဆုဟာ ဂွါဒီယိုလာလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရပြီး သူ့စိတ်ကြိုက်မဟုတ်တဲ့နေရာအချို့မှာ ကစားခဲ့ရပါတယ်။
အဂွေရို ထွက်သွားချိန်မှာတောင် ဂျေးဆုအတွက် ပုံမှန်ပွဲထွက်ခွင့် တစ်နေရာက အာမခံချက်မရှိခဲ့ဘဲ နောက်ဆုံးမှာတော့ အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့တာပါ။ ဒီလိုမျိုး မန်စီးတီးကို စွန့်ခွာဖို့အတွက် ဘယ်လိုဖြစ်ရပ်တွေက အဆုံးအဖြတ်ဖြစ်စေခဲ့လဲဆိုတာကိုတော့ ဂျေးဆုက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။
ဂျေးဆုက “အဲ့ဒီတုန်းက ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲပါ။ အဲ့ဒီပွဲမှာ ဂွါဒီယိုလာက ဇင်ချန်ကို,ကို False 9 နေရာ ထားကစားပါတယ်။ တကယ်ကို ရူးကြောင်ကြောင်နိုင်တဲ့ကိစ္စရပ်ပါပဲ။ အဲ့ဒီမတိုင်ခင်ကဆိုရင် သူက ဇင်ချန်ကို,ကို သုံးတောင် မသုံးပါဘူး။ ကျွန်တော့်ကိုပဲ တိုက်စစ်မှူးအဖြစ် ထားကစားခဲ့တာပါ။ ဇင်ချန်ကိုကတောင် အဲ့ဒီတုန်းက ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်ရတဲ့နေ့ဆိုပြီး နောက်ပြောင်ခဲ့ပါသေးတယ်”
“ပီအက်စ်ဂျီနဲ့ပွဲမတိုင်ခင် နှစ်နာရီလောက်မှာ အသင်းတွင်း အစည်းအဝေးလုပ်တယ်။ စားသောက်တယ်၊ ပြီးတော့ နာရီဝက်လောက် နားပြီး ပွဲကန်ဖို့ သွားကြပါတယ်။ ဂွါဒီယိုလာက ဒီအကြောင်းကို အသင်းအစည်းအဝေးမှာ ပြောပါတယ်။ ကျွန်တော် စားတောင် မစားနိုင်ခဲ့ပါဘူး။ အခန်းထဲကို တန်းဝင်သွားပြီး ငိုနေခဲ့တာာပါ။ အမေ့ဆီကို ဖုန်းဆက်ပြီး ကျွန်တော် အသင်းက ထွက်တော့မယ်လို့ ပြောခဲ့ပါတယ်”
“အိမ်လည်း ပြန်လာမယ်ပေါ့။ ဘာလို့လဲဆိုတော့ ဂွါဒီယိုလာက ဇင်ချန်ကို,ကို ထည့်သုံးပြီး ကျွန်တော့်ကို မသုံးလို့ဆိုပြီးတော့ပေါ့။ သူက ကျွန်တော် ကစားမယ့်နေရာမှာ ဘယ်နောက်ခံလူကို ထည့်လိုက်တာပါ။ ကျွန်တော် ရူးမလိုပါပဲ။ ဂွါဒီယိုလာနဲ့တုန်းက ဒါမျိုးတွေ အများကြီး ဖြစ်ခဲ့တာပေါ့။ လွယ်တော့မလွယ်ပါဘူး။ တကယ်ကို ခက်ခဲတဲ့ ကိစ္စတွေပါပဲ။ အဲ့ဒီအချိန်မှာပဲ ကျွန်တော် မန်စီးတီးမှာ ဆက်မနေချင်တော့ဘဲ အသင်းက ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။