အာဆင်နယ်နဲ့ ဘာစီလိုနာတို့ရဲ့ တိုက်စစ်မှူးဟောင်းကြီး အွန်နရီက ဘာစီလိုနာမှာ ကစားခဲ့ချိန်တုန်းက လက်တွဲခဲ့ဖူးတဲ့ နည်းပြ ဂွါဒီယိုလာနဲ့ ပတ်သက်လို့ ဖွင့်ဟလာခဲ့ပါတယ်။ အွန်နရီဟာ အာဆင်နယ်မှာ အောင်မြင်မှုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။
ဒါပေမယ့် (၂၀၀၇) ခုနှစ်မှာတော့ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ပြီး နောက်တစ်နှစ်အကြာမှာ ဂွါဒီယိုလာက ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဘာစီလိုနာနည်းပြဘဝမှာ မက်ဆီကို မျက်နှာသာပေးဖို့၊ စင်တင်ဖို့ အီဘရာဟီမိုဗစ်လို နာမည်ကျော် ကစားသမားကိုတောင် ရှင်းထုတ်ခဲ့တာပါ။
ဒါ့အပြင် အဆိုပါ စပိန်လူမျိုးနည်းပြက အွန်နရီလို ကစားသမားမျိုးကိုတောင် သိပ်ပြီး စိတ်တိုင်းကျဟန်မရှိခဲ့ဘဲ မကြာခဏဆိုသလို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ ဒီလိုမျိုး ဂွါဒီယိုလာတစ်ယောက် ရက်စက်ပုံတွေနဲ့ ပတ်သက်လို့ အွန်နရီက အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။
အွန်နရီက “ဂွါဒီယိုလာကို ပထမဆုံးအကြိမ်တွေ့လိုက်ကတည်းက သူက ကျွန်တော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးဆိုတာကို သိလိုက်ပါတယ်။ ဒါပေမယ့် သူက အရမ်းကို ရက်စက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒါကို နဖူးတွေ့၊ ဒူးတွေ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ တစ်ခါတလေ ကျွန်တော်က အသင်းနဲ့အတူ အဝေးကွင်းပွဲအတွက် လိုက်လာပေမယ့် သူက ကျွန်တော့်ကို ပွဲကြည့်စင်ပေါ် ပို့ထားတာမျိုးပေါ့”
“အဲ့ဒီအချိန်က ကျွန်တော့်အသက် (၃၂) (၃၃) ပါ။ အဲ့ဒါကို ခရီးကျသွားခိုင်းတယ်၊ ပြီးတော့ ပွဲကြည့်စင်ပေါ် ပို့ထားလိုက်ပါတယ်။ ကျွန်တော့်နေရာကကြည့်ရင် တော်တော်ခါးသီးပါတယ်။ ကစားသမားတိုင်းလည်း ဒီလိုပဲဖြစ်မှာပါ။ ဒါပေမယ့် တစ်ခုရှိတာက ကျွန်တော် ကိုယ်တိုင် အသုံးမကျခဲ့တာလို့လည်း စဉ်းစားမိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။