ဖာရန်တောရက်စ်အတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို မန်စီးတီးက ငြင်းဆန်ပယ်ချလိုက်တာပါ။

ဘာစီလိုနာဟာ သူတို့အလိုရှိနေတဲ့ မန်စီးတီး တိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် တောင်ပံကစားသမား အူစမန်နီဒမ်ဘီလီနဲ့ အလိုက်ပေးကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီကမ်းလှမ်းမှုကိုတော့ မန်စီးတီးက လက်မခံဘဲ ငြင်းဆန်ပယ်ချလိုက်တယ်လို့ သိရပါတယ်။



ဘာစီလိုနာဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် လာမယ့်ဆောင်းရာသီမှာတင် ကစားသမားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဖာရန်တောရက်စ်အပြင် ယူနိုက်တက်က ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ကိုလည်း စိတ်ဝင်စားနေတာပါ။

အသက် (၂၁) နှစ်အရွယ် ဖာရန်တောရက်စ်ဟာ ရာသီအစမှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် စပိန်လက်ရွေးစင်အတွက် သွားကစားပေးရင်း လက်ရှိအချိန်ထိ အနားယူနေရပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ဖာရန်တောရက်စ်အတွက် မန်စီးတီးတောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) ဝန်းကျင်ကို ပေးချေဖို့မတတ်နိုင်တာကြောင့် အခုလိုပဲ ပြောင်းရွှေ့ကြေး သက်သာဖို့အတွက် ဒမ်ဘီလီနဲ့ပါ အလိုက်ပေးကမ်းလှမ်းခဲ့တာပါ။

ဒမ်ဘီလီဟာ ဘာစီလိုနာနဲ့အတူ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးပါဘူး။ ဒါ့အပြင် ဒမ်ဘီလီဟာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေ၊ ဒဏ်ရာပြဿနာတွေနဲ့လည်း မကြာခဏ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ဘာစီလိုနာက အခုလိုပဲ ဒမ်ဘီလီကို ထည့်သွင်းကမ်းလှမ်းခဲ့တာဖြစ်နိုင်ပြီး မန်စီးတီးကတော့ ငွေသားသီးသန့်လိုချင်နေတာကြောင့် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာပါ။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးနောက်ခံလူ အဲရစ်ဂါစီယာ၊ တိုက်စစ်မှူး အဂွေရိုတို့ကို ခေါ်ယူခဲ့ပြီး အဂွေရိုကတော့ လက်ရှိအချိန်မှာ နှလုံးရောဂါကြောင့် ကစားသမားဘဝက အနားယူသွားခဲ့ရပြီဖြစ်ပါတယ်။ 

Share

က္က