အာတီတာရဲ့အမူအရာတခုက ပရိသတ်တွေ သဘောကျစရာဖြစ်ခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာဟာ မနေ့ညက ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဥ်မှာ ဂွါဒီယိုလာတပည့်လို့ သေချာပေါက် လက်ခံရမယ့် အမူအရာမျိုးတွေ လုပ်ပြခဲ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။ ဒီပွဲမှာ အာတီတာရဲ့ အာဆင်နယ်က ချဲလ်ဆီးကို အဝေးကွင်းမှာ ၂-၄ ဂိုးနဲ့ ခြေစွမ်းပြ အနိုင်ယူခဲ့ပါတယ်။



ဒီပွဲရဲ့ ပထမပိုင်းပြီးခါနီး (၄၁) မိနစ်အရောက်မှာ အက်ဇ်ပီလီကွီတာ ဘောလုံးထိမှန်ပြီး လဲကျခဲ့ပါတယ်။ အဲ့ဒီအချိန်က အာဆင်နယ်တို့ တိုက်စစ်ဆင်နေချိန်ဖြစ်ပြီး ကွင်းလယ်ဒိုင်ကတော့ ပွဲကို ရပ်နားကာ အက်ဇ်ပီလီကွီတာရဲ့ အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်။

ဒီအပေါ်မှာ အာတီတာက မကျေမနပ်ဖြစ်ခဲ့ပြီး ကွင်းဘေးမှာရှိတဲ့ စတုတ္ထဒိုင် အန်ဒီမက်ဒ်လေကို စောဒကတက်ရင်း ပရိသတ်တွေ သဘောကျစရာ အမူအရာကို လုပ်ပြသွားခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့ဒီလုပ်ရပ်ကို ပရိသတ်တွေက ဂွါဒီယိုလာဆီက အကျင့်တွေ၊ အပြုအမူ၊ အမူအရာတွေ ကူးစက်လာတယ်လို့ ယုံကြည်နေကြပါတယ်။



ဒါ့အပြင် ပရိသတ်တွေက “အာတီတာနဲ့စတုတ္ထဒိုင်အကြား အမူအရာတွေကို မြင်ရတာ နောက်ပိုင်းနှစ်တွေအတွင်း အာဆင်နယ်မှာ မြင်တွေ့ခဲ့ရတဲ့အရာတွေအတွင်းက အရယ်ရဆုံးပါပဲ” “ဒါက ဒီပွဲရဲ့ အကောင်းဆုံး အခိုက်အတန့်ပါပဲ” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ကြပါတယ်။ အာတီတာဟာ မန်စီးတီးမှာ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် (၃) နှစ်ကြာ ဆောင်ရွက်ခဲ့ဖူးပြီးမှ အာဆင်နယ်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။

အခု ချဲလ်ဆီးနဲ့ပွဲမတိုင်ခင်မှာတော့ အာဆင်နယ်က ဆက်တိုက်ကို ရှုံးပွဲကြုံတွေ့နေခဲ့ရတာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့် (၄) နေရာက စပါးနဲ့ အမှတ်တူသွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အာဆင်နယ်က လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်စွမ်းရှိတော့မှာလည်းဖြစ်ပါတယ်။  

Share

Loading Next Article...
က္က