မန်စီးတီးဟာ ဟာလန်းကို ခေါ်ယူခဲ့ချိန်က စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးကို ဖျက်သိမ်းဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်မှာ ဒေါ့မွန်ကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တာပါ။
အဲ့ဒီအချိန်တုန်းက မန်စီးတီးတို့ ဟာလန်းကို (၅) နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်ပါလျော်ကြေးကို ယူရိုသန်း (၂၀၀) အဖြစ် ထည့်သွင်းထားခဲ့တာပါ။ ဒါပေမယ့် ဒီစာချုပ်လျော်ကြေးက ဟာလန်းနဲ့ မန်စီးတီးတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း တစ်ဝက်ကျိုးချိန်မှ အသက်ဝင်မှာဖြစ်ပါတယ်။
ဒါပေမယ့် လာမယ့် (၂၀၂၅) ခုနှစ်မှာ ဂွါဒီယိုလာတစ်ယောက် မန်စီးတီးကနေ ထွက်ခွာသွားဖွယ်ရှိနေပြီး ဒီအချိန်မှာ ဟာလန်းကို အသင်းမှာ ဆက်ထိန်းထားဖို့ ခက်ခဲနိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေး ဖောင်းပွမှုနှုန်းကလည်း မြင့်မားလာလျက်ရှိပါတယ်။
အဲ့ဒီအချိန်ရောက်တဲ့အခါမှာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာ တစ်သင်းသင်းက ဟာလန်းရဲ့ စာချုပ်ပါလျော်ကြေးကို ပေးချေပြီး ခေါ်ယူသွားနိုင်တာကိုလည်း မန်စီးတီးတာဝန်ရှိသူတွေက စိုးရိမ်မကင်းဖြစ်နေပါတယ်။ ပရိသတ်တွေကတော့ ဟာလန်းအနေနဲ့ ဂွါဒီယိုလာ မရှိတော့ချိန်မှာ မန်စီးတီးကို စွန့်ခွာသွားနိုင်တယ်လို့ ဆိုထားပါတယ်။
အသက် (၂၃) နှစ်အရွယ် ဒီကစားသမားနဲ့ပတ်သက်လို့ ဟာလန်းရဲ့ စာချုပ်ပါလျော်ကြေးက ဂွါဒီယိုလာ ထွက်သွားတာနဲ့ တစ်ပြိုင်နက် အသက်ဝင်နိုင်တော့မှာ မဟုတ်ကြောင်း မာကာသတင်းစာကလည်း အခိုင်အမာဖော်ပြထားပါတယ်။ မန်စီးတီးကတော့ လက်ရှိအချိန်မှာ ဟာလန်းရဲ့ စာချုပ်လျော်ကြေးကို ပယ်ဖျက်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေကို စတင်ရှာဖွေနေပြီဖြစ်ပါတယ်။