ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူ့အနေနဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာဆီက ချီးကျူးပြောဆိုမှုကို လက်ခံရရှိခဲ့တဲ့အကြောင်း ဖွင့်ဟလာပါတယ်။ အဆိုပါ ပေါ်တူဂီလူမျိုး ကွင်းလယ်လူဟာ စပို့တင်းကနေ ယူနိုက်တက်ကို မပြောင်းရွှေ့ခင် မန်စီးတီးနဲ့လည်း သတင်းထွက်ဖူးပါတယ်။
ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာလည်း ဘရူနိုဖာနန်ဒက်စ်က အသင်းနဲ့ လျင်လျင်မြန်မြန်ပဲ အထိုင်ကျခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အသင်းသားတွေကို ဦးဆောင်နိုင်မှု၊ ကွင်းတွင်းကွင်းပြင် စွမ်းဆောင်ရည်တွေကြောင့် အသင်းခေါင်းဆောင်ရာထူးကိုပါ အချိန်တိုအတွင်း ရယူနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဒီပေါ်တူဂီသားက ယူနိုက်တက်ပရိသတ်တွေ အားကိုးရတဲ့ ကစားသမားဖြစ်နေပြီး သူ့ကို မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ချီးကျူးပြောကြားခဲ့ပါတယ်။ ဒီအပေါ်မှာ ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော့်အတွက် ဂွါဒီယိုလာလိုမျိုး နည်းပြဆီက ချီးကျူးမှုကို ရရှိတာက ကျေနပ်အံ့အားသင့်ဖွယ်ကောင်းပါတယ်”
“ဘာကြောင့်လဲဆိုတော့ ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့က ကိုယ်တကယ် လေးစားရတဲ့ နည်းပြတစ်ယောက်အကြောင်းကို ပြောနေတာဖြစ်ပြီး ကျွန်တော့်အတွက်တော့ လက်ရှိအချိန်မှာ ဂွါဒီယိုလာက ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဘရူနိုဖာနန်ဒက်စ်က ကွင်းထဲမှာ ဒိုင်လူကြီးတွေကို မကြာခဏ စောဒကတက်ဖို့ ကြိုးစားတာတွေ၊ ပြစ်ဒဏ်ဘောတောင်းလွန်းတာတွေကြောင့် ပြိုင်ဘက်ပရိသတ်တွေ၊ နည်းပြတွေရဲ့ မုန်းတီးမှု၊ အမြင်မကြည်လင်မှုတွေကို ခံနေရပါသေးတယ်။