ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီက ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကို ဒီကနေ့ညမှာ အနိုင်ယူနိုင်မယ့် နည်းလမ်းရှာတွေ့လိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် စပိန်မြေမှာ ရင်ဆိုင်ခဲ့တုန်းက ဗီလာရီးရဲလ်က ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်အနေနဲ့ ဒုတိယအကျော့ ဂျာမန်မြေမှာ အမှားအယွင်းခံလို့မရတော့ဘဲ သေချာပေါက် နှစ်ဂိုးပြတ်အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီက အခုလိုပဲ ပြောကြားလာပါတယ်။
အူနိုင်းအမ်မရီက “ခက်ခဲမယ့်ပွဲတပွဲဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကျနော်တို့ ကောင်းကောင်းယှဥ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပထမအကျော့မှာ ဘိုင်ယန်မြူးနစ်က ရှုံးခဲ့ပေမယ့် သူတို့ အခုချိန်အထိ နောက်တဆင့်တက်ဖို့ ရေပန်းစားနေဆဲပါ။ သူတို့ကို အနိုင်ယူနိုင်မယ့် ရလဒ်ရမယ်လို့လည်း ကျနော် ယုံကြည်ထားပါတယ်”
“ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲက တသင်းပါ။ ဒီပွဲအတွက် ကျနော်တို့ ပြင်ဆင်ထားပြီး အသင်းကလည်း အများကြီး တိုးတက်လာပါတယ်။ ပြိုင်ဘက်ရဲ့ အနေအထားကို ကောင်းကောင်း အသားတကျနဲ့ တုံ့ပြန်နိုင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အခုရောက်နေတဲ့အဆင့်နဲ့ မကျေနပ်နိုင်ပါဘူး”
“အဲ့ဒါကြောင့် အခုထက် ပိုပိုမြင့်မားတဲ့ အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆန္ဒရှိပါတယ်။ ဒါက ခက်ခဲကြမ်းတမ်းမယ်ဆိုတာ ကျနော်တို့ သိတာပေါ့။ ဒါပေမယ့် အခြေအနေအပေါ် မူတည်ပြီး ကျနော်တို့အတွက် အဖိုးတန်အခိုက်အတန့်တွေကို ရှာဖွေသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။