ဂျူဗင်တပ်စ်ကို ဂိုးပြတ်နိုင်ပြီး ကွာတားတက်လာတဲ့ ဗီလာရီးရဲလ်က ဘိုင်ယန်မြူးနစ်ကိုပါ အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့ပါတယ်။ အူနိုင်းအမ်မရီက ဒီပွဲမှာ အယ်လ်ဘီယို၊ ပါအူတောရက်စ်၊ ဖို့သ်၊ ပါရီဟို၊ ကိုကွီလင်၊ မိုရီနို၊ ဒန်ဂျူမာတို့ကို အဓိကထားပွဲထုတ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်မှာ အယ်လ်ဖွန်ဆိုဒေးဗီးစ် ပြန်လည်ပါဝင်လာခဲ့ပြီး နူအာ၊ ပါဗက်၊ အူပါမီကာနို၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ကင်မစ်ချ်၊ မျူရှယ်လာ၊ ကိုးမန်း၊ မူလာ၊ နာဘရီနဲ့ လီဝန်ဒေါစကီးတို့ ပွဲထုတ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာနဲ့ ဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် စောစောစီးစီး မထင်မှတ်ဘဲ ဂိုးပေးလိုက်ရတာက ဘိုင်ယန်မြူးနစ်ကို ရုန်းကန်စေခဲ့ရပြီး ရှုံးပွဲနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ (၇) မိနစ်မှာတင် ပါရီဟိုရဲ့ ကန်ချက်ကို ဒန်ဂျူမာက ထပ်ဆင့်ပိတ်သွင်းခဲ့ပြီး ဗီလာရီးရဲလ်တို့ ဥိးဆောင်ဂိုးရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘိုင်ယန်မြူးနစ်က ဖိအားပေးနေခဲ့ပေမယ့်လည်း ခံစစ်ကောင်းတဲ့ ဗီလာရီးရဲလ်နောက်တန်းကို ထိုးဖောက်ဖို့ ခက်ခဲနေခဲ့ပါတယ်။
ပထမပိုင်းမပြီးခင်မှာတင် ဗီလာရီးရဲလ်တို့ နောက်ထပ်သွင်းဂိုးတဂိုးထပ်ရခဲ့ပေမယ့် ကိုကွီလင်ရဲ့သွင်းဂိုးကို VAR နဲ့ ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘိုင်ယန်မြူးနစ်က နာဘရီ၊ မူလာတို့ကိုထုတ်ပြီး ဆာနေး၊ ဂေါ်ရက်ဇ်ကာတို့နဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗီလာရီးရဲလ်နောက်တန်းကတော့ ကျစ်ကျစ်လျစ်လျစ်နဲ့ပဲ တုံ့ပြန်ခဲ့ပါတယ်။
ဗီလာရီးရဲလ်က ဒီပွဲမှာ သူတို့အတွက် တလုံးတည်းသောဂိုးပေါက်တည့်ခဲ့တဲ့ အခွင့်အရေးကနေ ဂိုးရခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကတော့ ဖိကစားရင်းနဲ့ပဲ အဝေးကွင်းမှာ ရှုံးပွဲတွေ့သွားခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ ရှုံးထွက် (၁၆) သင်းအဆင့် ဆဲလ်ဘာ့ဂ်နဲ့ပွဲမှာလည်း ပထမအကျော့ အဝေးကွင်းမှာ အခုလိုမျိုး ရုန်းကန်ခဲ့ရပြီး သရေနဲ့သာ ကျေနပ်ခဲ့ရသေးတာပါ။
ဗီလာရီးရဲလ်အနေနဲ့ ဒီပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် တဂိုးတည်းကပ်နိုင်ထားတာကြောင့် ဆီမီးဖိုင်နယ်တက်ဖို့ဆိုရင် ဒုတိယအကျော့ ဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာ အခုထက်ပိုမိုကောင်းမွန်တဲ့ ခံစစ်ကစားပုံကို ထပ်မံပြသဖို့ လိုအပ်ပါသေးတယ်။