စပိန်နဲ့ပွဲမှာ ဂျပန်တို့ ရရှိခဲ့တဲ့ အနိုင်ဂိုးကတော့ အကြီးအကျယ်အငြင်းပွားစရာဖြစ်လာနေပါပြိ။ အုပ်စု (င) ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် မနေ့က ကစားခဲ့တာဖြစ်ပြီး ဂျပန်က အနိုင်ဂိုးသွင်းယူခဲ့ချိန်မှာတော့ ဒီဂိုးဖြစ်လာဖို့အတွက် build-up လုပ်ခဲ့တဲ့ အနေအထားမှာ ဘောလုံးက ဂိုးစည်းလိုင်းကို ကျော်လွန်ခဲ့တယ်လို့ ယူဆရတဲ့အနေအထားရှိခဲ့ပြီး အငြင်းပွားခဲ့ရပါတယ်။
VAR ပြန်လည်ကြည့်ရှုပြီးနောက်မှာတော့ ကွင်းလယ်ဒိုင်က ဂိုးပေးခဲ့လို့ ဂျပန်တို့ အနိုင်ဂိုးရခဲ့ကာ ဒီဂိုးက တဖက်မှာ ကော်စတာရီကာနဲ့ ကစားနေတဲ့ ဂျာမနီကို အိမ်ပြန်စေခဲ့တဲ့ သွင်းဂိုးဖြစ်လာခဲ့ပါတယ်။ ဂျပန်ကစားသမားမီတိုမာက ဘောလုံးကို ထိန်းသိမ်းရယူချိန်မှာ ဘောလုံးက ဂိုးစည်းကို ကျော်ခဲ့တာကိုမြင်တွေ့ခဲ့ရတာပါ။ ဒါပေမယ့် ဖီဖာကတော့ ဘောလုံးတလုံးလုံး စည်းကိုမကျော်သေးဘူးလို့ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဒီအခိုက်အတန့်နဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာလည်း အငြင်းပွားနေခဲ့ကာ ဘောလုံးက ဂိုးစည်းကို ကျော်သွားခဲ့တယ်လို့ သတ်မှတ်သူတွေ အများအပြားရှိခဲ့ပါတယ်။ ရုပ်သံအနှေးပြကွက်တွေအရ ဘောလုံးကို အပေါ်စီးကနေ ရိုက်ကူးပြခဲ့ရာမှာတော့ ဘောလုံးအစွန်ဆုံးတဖက်ခြမ်းဟာ ဂိုးစည်းနဲ့ လွတ်သလိုလို၊ မလွတ်သလိုလိုဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
VAR က အပေါ်စီးက ကြည့်ရှုရတဲ့အနေအထားကနေ ဆုံးဖြတ်ခဲ့တယ်လို့ သိရပြီး ဂယ်ရီနဗီးလ်နဲ့ ဂရေမီဆောင်းနက်စ်တို့ကတော့ ထောင့်ပေါင်းစုံကနေ ကြည့်ရှုပြီးတော့ သတ်မှတ်ပေးခြင်းမရှိတဲ့အပေါ် ဝေဖန်ခဲ့ကြပါတယ်။ ဆောင်းနက်စ်က "ဂျာမန်လူမျိုး သန်း ၈၀ လောက် ရူးသွပ်သွားမှာပါ၊ ဘောလုံးက ဂိုးစည်းမကျော်သွားဘူးဆိုတဲ့ ဓာတ်ပုံကို သူတို့မျှော်နေကြမှာပဲ"
"တီဗီစတူဒီယိုတိုင်း၊ ခန့်မှန်းသုံးသပ်သူတိုင်း၊ စိတ်ဝင်စားသူအားလုံး ဒီပုံကို မြင်ချင်မှာပါ၊ ဖီဖာက ဒီလောက်အငြင်းပွားစရာကောင်းတဲ့ဟာကို ကျနော်တို့ကို ဘာလို့မပြတာလဲ၊ ဒီအတွက် ဂျာမနီက အများကြီးပေးဆပ်လိုက်ရတာပါ၊ ဘာလို့ ဒါကို ကျနော်တို့ကို မပြသတာလဲ၊ ဒီဖြစ်ရပ်ဖြစ်သွားတာ တနာရီလောက်ကြာတဲ့အထိ သူတို့မပြသနိုင်ဘူး၊ အဲဒီဓာတ်ပုံမပြနိုင်ရင် တခုခုဖြစ်နေပြီလို့ အားလုံးကထင်မှာပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။