ဒီနေ့ကစားရတော့မယ့် ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲမတိုင်ခင်မှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးသောမတ်စ်မူလာက ပြိုင်ဘက်ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီကို ပျော်ရွှင်စေရမှာမဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။ ဒီပွဲမှာ ဘတ်ပီကို သူတို့ဘက်က ဟန့်တားဖို့အတွက် အစီအစဉ်တွေ အများကြီးရှိတယ်လို့လည်း မူလာက ပြောဆိုသွားခဲ့ပါတယ်။
ဒီနှစ်သင်းရဲ့ ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ပီအက်စ်ဂျီအသင်းအိမ်ကွင်းမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့ဒီပွဲမှာတုန်းက ဘတ်ပီဟာ ဒဏ်ရာကနေ ပြန်လည်သက်သာခါစဖြစ်လို့ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပြီး ၂ ဂိုးသွင်းယူခဲ့ပေမယ့် လူကျွံဘောအဖြစ်သာ သတ်မှတ်ခြင်းခံခဲ့ရလို့ ဂိုးမရခဲ့တာဖြစ်ကာ ဘိုင်ယန်ကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
ဒါကြောင့်လည်း ဘတ်ပီကို မူလာက သတိပေးမှုတွေ လုပ်သွားခဲ့တာပါ။ "ဘတ်ပီရဲ့ပုံရိပ်အရသူဟာ အန္တရာယ်ကိုကိုယ်စားပြုပါတယ်။သူဟာ ပီအက်စ်ဂျီအတွက် ဂိုးတွေအများကြီးသွင်းယူထားတဲ့ ကစားသမားပါ။သူ့ကို ဘယ်လိုရပ်တန့်အောင်လုပ်ရမလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ကစားသမားတစ်ယောက်ကို ရပ်တန့်အောင်လုပ်ဖို့က မေးခွန်းထုတ်စရာမလိုပါဘူး။ အလယ်မှာ နေရာလွတ်တွေကို လျှော့ချရမယ်"
"သူ့ကို တစ်ယောက်ချင်းစီကပ်ကစားဖို့ ရဲရင့်ရမယ်။ ပထမကစားသမားကို ကျော်သွားရင် နောက်တစ်ယောက်ရှိနေရပါမယ်။ တစ်ကမ္ဘာလုံးက သူဘောလုံးကစားတာကို ကြည့်ရတာ နှစ်သက်ကြပါတယ်။မနက်ဖြန်မှာတော့ ကျွန်တော်တို့ သူ့ကို မကြည့်ချင်ပါဘူး။ကျွန်တော်တို့ရဲ့အစီအစဉ်က ထိရောက်ရင်သူပျော်မှာမဟုတ်ဘူး"လို့ မူလာက ပြောဆိုခဲ့ပါတယ်။
ဒီပွဲမှာတော့ ပီအက်စ်ဂျီဘက်မှာ နေမာ ဒဏ်ရာကြောင့် ကစားနိုင်မှာမဟုတ်ဘဲ မက်ဆီနဲ့ ဘတ်ပီတို့ တိုက်စစ်အတွဲကိုသာ အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ ဒါက ဘိုင်ယန်အတွက်တော့ အခွင့်အရေးတခုလို့ ဆိုနိုင်မှာဖြစ်ပြီး အာရုံစိုက်စရာ ကစားသမားတဦး နည်းပါးသွားတာကြောင့် မက်ဆီတို့နှစ်ဦးကို ပိုအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။