ရန်းနစ်ဂ်နဲ့မာတာ့ဖ်တို့နှစ်ယောက်အကြား ဆက်ဆံရေးဆိုးရွားခဲ့တာပါ။

ယူနိုက်တက်နည်းပြဟောင်း ရန်းနစ်ဂ်နဲ့ အသင်းရဲ့ ဒါရိုက်တာ ဂျွန်မာတာ့ဖ်တို့ နှစ်ယောက်အကြား ဆက်ဆံရေးပြိုလဲခဲ့တယ်လို့ The Sun က ဖွင့်ချခဲ့ပါတယ်။ ဒီနှစ်ယောက်အကြား စကားတောင် တော်ရုံမပြောဆိုခဲ့ဘဲ ဒါဟာ ရန်းနစ်ဂ်က ယူနိုက်တက်အခြေအနေအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုမှုတွေကြောင့်လို့ သိရှိရပါတယ်။



ရန်းနစ်ဂ်ကို ဂျွန်မာတာ့ဖ်ကိုယ်တိုင် ယာယီနည်းပြအဖြစ် (၆) လစာချုပ်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပြီး နောက်ထပ် (၂) ရာသီ အသင်းရဲ့အတိုင်ပင်ခံအဖြစ် ဆက်လက်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတာပါ။ ဒါပေမယ့် ရန်းနစ်ဂ်က ပြီးခဲ့တဲ့ဧပြီမှာ ယူနိုက်တက်အနေအထားက အလုံးစုံပြုပြင်ပြောင်းလဲရမယ့် အနေအထားလို့ ပြောကြားခဲ့ပြီး ဒီစကားက အသင်းရဲ့ ဂုဏ်သိက္ခာအပေါ် မလေးစားတဲ့စကားလို့ မာတာ့ဖ်က ယူဆခဲ့ပါတယ်။

အသင်းကို ကာကွယ်ပေးရမယ့် ရန်းနစ်ဂ်က ဒီစကားပြောခဲ့တဲ့အပေါ် မာတာ့ဖ်တယောက် စိတ်ပျက်ခဲ့တဲ့အပြင် သူ့အတွက် လိုအပ်တဲ့ ကစားသမားသစ်တွေ မခေါ်ယူပေးခဲ့ကြောင်း၊ အသင်းရဲ့ ပံ့ပိုးမှုမရှိခဲ့ကြောင်းကိုလည်း ရန်းနစ်ဂ်က မီဒီယာတွေရှေ့မှာ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။ ဒီအချက်တွေကြောင့်လည်း မာတာ့ဖ်နဲ့ ရန်းနစ်ဂ်အကြား ဆက်ဆံရေးက အလုံးစုံပျက်သုဥ်းခဲ့ရတယ်လို့ ဘီဘီစီကလည်း ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ နည်းပြသစ်အဖြစ် အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်ကို ခန့်အပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုမျိုး ခန့်အပ်ပြီးလို့ မကြာခင်မှာပဲ အတိုင်ပင်ခံအဖြစ် ဆက်လက်ဆောင်ရွက်မယ့် ရန်းနစ်ဂ်က ရာထူးကနေ ရုတ်တရက်နှုတ်ထွက်ပြီး သြစတြီးယားလက်ရွေးစင်ကို ကိုင်တွယ်ခဲ့ပါတယ်။

ဒီအပေါ်မှာ ယူနိုက်တက်ပရိသတ်တွေ ဒွိဟဖြစ်ခဲ့ရပြီး အခုချိန်မှာတော့ ရန်းနစ်ဂ်နဲ့မာတာ့ဖ်တို့နှစ်ယောက်အကြား ဆက်ဆံရေးပြိုကွဲခဲ့ရပုံအကြောင်းတွေကို မီဒီယာတွေက ဖွင့်ချခဲ့တာပါ။ အခု တန်ဟက်ခ်လက်ထက်မှာလည်း ယူနိုက်တက်ရဲ့ အသင်းတွင်းပြဿနာတွေ ဆက်လက်ရှိနေဦးမယ်လို့ ယူဆရပြီး ဒီပြဿနာတွေကို တန်ဟက်ခ် ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က