ကူးစက်မှုထိန်းချုပ်နိုင်ရန် ရုန်းကန်နေရစဥ် ကျန်းမာရေးဝန်ကြီးရဲ့ ပွင့်ပွင့်လင်းလင်း သတိပေးမှု ရှိလာခဲ့ပါတယ်

ဂျာမန်အများစုဟာ လအနည်းငယ်အတွင်း ကာကွယ်ဆေးထိုးကြမည်၊ ကုသပျောက်ကင်းကြမည် သို့မဟုတ် COVID-19 ကြောင့် သေဆုံးကြလိမ့်မည်ဟု ကျန်းမာရေးဝန်ကြီး Jens Spahn က ယနေ့ (နိုဝင်ဘာ ၂၂ ရက်) သတိပေးလိုက်ပြီး နောက်ထပ် နိုင်ငံသားများ ကာကွယ်ဆေးထိုးကြရန် တိုက်တွန်းလိုက်ပါတယ်။

"ဖြစ်နိုင်တာက ဒီဆောင်းရာသီအကုန်မှာ ဂျာမနီမှာ လူတိုင်းက ကာကွယ်ဆေးထိုးကြလိမ့်မယ်၊ ကုသပျောက်ကင်းကြလိ့မ်မယ် ဒါမှမဟုတ်ရင်လည်း သေကြလိမ့်မယ်" လို့ Jens Spahn က ပြောခဲ့ပြီး အလွန်ကူးစက်မြန်တဲ့ ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ်ကို အပြစ်ဖို့ခဲ့ပါတယ်။ "ဒါကြောင့်ပဲ ကာကွယ်ဆေးထိုးကြဖို့ ကျွန်တော်တို့ အရေးတကြီး အကြံပြုနေကြတာပါ" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။



(ဂျာမန်ကျန်းမာရေးဝန်ကြီး Jens Spahn) (Photo: Spiegel)

လတ်တလော သီတင်းပတ်များအတွင်း ဂျာမနီမှာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ စံချိန်တင်မြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရစဥ် ကျန်းမာရေးဝန်ကြီးရဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ပြင်းထန်တဲ့ သတိပေးပြောကြားမှု ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ဂျာမနီမှာ အထူးကြပ်မတ်ကုသဆောင်တွေ နေရာလွတ်မကျန်တဲ့ အခြေအနေဖြစ်လာနေကြောင်း ဆေးရုံတွေက သတိပေးနေပါတယ်။

ဂျာမနီတစ်နိုင်ငံလုံးမှာ COVID-19 ကာကွယ်ဆေးများ အခမဲ့ ထိုးပေးနေပေမဲ့ လက်ရှိအချိန်အထိ လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းသာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်ရာ ထိုနှုန်းဟာ ကပ်ရောဂါထိန်းချုပ်ရန် အလွန်နိမ့်နေကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဥရောပသမဂ္ဂရဲ့ လူဦးရေအထူထပ်ဆုံး နိုင်ငံဖြစ်တဲ့ ဂျာမနီမှာ Robert Koch Institute က ယနေ့ ထုတ်ပြန်ချက်အရ နောက်ထပ် ကူးစက်မှုအသစ် ၃၀,၆၄၃ ခု တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်မှု ၅.၃ သန်းကျော်ရှိလာခဲ့ပါတယ်။

(ဘာလင်မြို့မှာ ကာကွယ်ဆေးထိုးရန် တန်းစီနေသူများ) (Photo: Reuters)

ဂျာမနီမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် နောက်ထပ် ၆၂ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၁၀၀,၀၀၀ နီးပါးရှိလာခဲ့ကြောင်း သိရပါတယ်။ "ဆေးရုံအများအပြားမှာ အရမ်း အရမ်းကို ခက်ခဲတဲ့အခြေအနေ ဖြစ်နေတယ်" လို့ ကျန်းမာရေးဝန်ကြီး Jens Spahn က ပြောပါတယ်။

ဂျာမန်အစိုးရက နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အရှိန်အဟုန်အပြည့်နဲ့ COVID-19 စတုတ္တလှိုင်းကူးစက်မှုကို ထိန်းချုပ်ရန် ပိုမိုတင်းကျပ်တဲ့ စည်းမျဥ်းကန့်သတ်ချက်များ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့ပါတယ်။ ထို့အတူ ကာကွယ်ဆေးကို မဖြစ်မနေထိုးရန်အဖြစ် သတ်မှတ်ရေးကို ဂျာမန်နိုင်ငံရေးသမားများ အချေအတင် ဆွေးနွေးနေကြပါတယ်။

(ဂျာမနီဆေးရုံတစ်ရုံအတွင်း မြင်ကွင်း) (Photo: AFP)

ဂျာမနီရဲ့ အိမ်နီးချင်း ဩစတြီးယားမှာတော့ ကူးစက်မှုတွေ မြင့်တက်နေခဲ့တာကြောင့် တစ်နိုင်ငံလုံးကို ယနေ့မှစတင်ပြီး ရက် ၂၀ ကြာ lockdown ချထားပါတယ်။ ဒါ့အပြင် ဩစတြီးယားက လာမယ့်နှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစပြီး COVID-19 ကာကွယ်‌ဆေးကို မထိုးမနေရအဖြစ် သတ်မှတ်ရန် စီစဥ်နေကြောင်းလည်း သိရပါတယ်။

ဥရောပမှာ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် အစိုးရတွေက lockdown စည်းမျဥ်းကန့်သတ်ချက်အသစ်များ သတ်မှတ်လာမှုအပေါ် နယ်သာလန်၊ ဩစတြီးယား၊ ခရိုအေးရှား အီတလီ စတဲ့ဥရောပနိုင်ငံတွေမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်နေပါတယ်။ ဥရောပတိုက်တစ်လွှား ကူးစက်မှုများ မြင့်တက်လာနေခဲ့တာကြောင့် ဥရောပဟာ COVID-19 ကပ်ရောဂါ ဗဟိုချက်နေရာ ထပ်ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်မှာ သတိပေးထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က