ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် တိုနီ ခရူးစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီရဲ့ ဆိုးရွားတဲ့ ရလဒ်အတွက် တာဝန်ရှိတယ်လို့ ဘောလုံးဝေဖန်သူတစ်ဦးက ထူးထူးဆန်းဆန်း ပြောကြားခဲ့မှုကို တုံ့ပြန်ခဲ့ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကစားသမားအများအပြား သွားရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း တိုနီ ခရူးစ်ဟာ လက်ရွေးစင်အသင်းတာဝန် မထမ်းဆောင်ခဲ့ရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟာ ဂျာမနီအသင်း အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာကို အိမ်ကနေသာ ကြည့်ရှုခဲ့ရတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့ပြီးဖြစ်တာကြောင့် ဟန်ဆီ ဖလစ်ရဲ့လူစာရင်းထဲမှာလည်း ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂျာနယ်လစ် ခရစ္စတီးနား ကူဘယ်ရိုက ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရမှုအတွက် မဆီမဆိုင် အိမ်မှာ နေနေတဲ့ တိုနီ ခရူးစ်ကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ကူဘယ်ရိုဟာ စပိန်တီဗွီရှိုး El Chiringuito မှာ စကားပြောဆိုရာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကြီးမားဆုံးစိတ်ပျက်စရာတွေထဲက တစ်ခုအဖြစ် ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း တိုနီ ခရူးစ်ရဲ့ နာမည်ကို ထူးထူးဆန်းဆန်း သတ်မှတ်ခဲ့တာဖြစ်ပြီး ဂျာမနီရဲ့ ပုံမှန်စွမ်းဆောင်ရည်အောက် ကျဆင်းနေမှုအတွက် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ ပြစ်တင်ရမယ့်သူဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျာမနီလက်ရွေးစင်ဟောင်းက လက်ရှိမှာတော့ ကူဘယ်ရိုရဲ့ ရုပ်မြင်သံကြားက ကြောင်တောင်တောင်နိုင်တဲ့ ပြောဆိုမှုကို လူမှုကွန်ရက်ပေါ်မှာ တုံ့ပြန်လိုက်ပြီဖြစ်ပြီး ဂျာမနီလက်ရွေးစင်အသင်းမှာ မပါဝင်တာတောင်သိပုံမရတဲ့ ဘောလုံးဝေဖန်သူရဲ့ ပြစ်တင်မှုအပေါ် ဟာသဉာဏ်ကို အသုံးပြုပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
"တစ်စုံတယောက်ကတော့ ပြစ်တင်ခံရတော့မယ်ဆိုတာကို ငါ သိခဲ့ပြီးသားပါ"လို့ ရယ်မောနေတဲ့ အီမိုဂျီပုံနဲ့အတူ တွစ်တာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။