အာဆင်နယ်ရဲ့ ကွင်းလယ်လူ ကိုင်ဟာဗက်ဇ်ဟာ မနေ့ညက တူရကီနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဘယ်နောက်ခံလူနေရာကနေ ပွဲထွက်လာခဲ့ပါတယ်။ လက်ရှိမှာ ဂျာမနီကို နည်းပြသစ် နာဂယ်လ်စမန်းက တာဝန်ယူကိုင်တွယ်နေတာပါ။
ဂျာမနီဟာ လာမယ့် ယူရို - ၂၀၂၄ ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် ဧည့်ခံကျင်းပသွားမှာဖြစ်ပြီး အဆိုပါပွဲကြီးမတိုင်ခင်မှာ ချစ်ကြည်ရေးခြေစမ်းပွဲတွေကို စီစဉ်ကစားနေတာဖြစ်ပါတယ်။ တူရကီနဲ့ပွဲမှာတော့ နာဂယ်လ်စမန်းက ၄-၂-၂-၂ ပုံစံနဲ့ ခင်းကျင်းခဲ့ပါတယ်။
ဒီလိုမျိုး ခင်းကျင်းထားတဲ့နေရာမှာ ဟာဗက်ဇ်က နောက်တန်းလေးယောက်ရဲ့ ဘယ်နောက်ခံလူနေရာမှာ ပွဲထွက်ပါဝင်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေအတွက် ပဟေဠိဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဟာဗက်ဇ်က တိုက်စစ်ကို ပိုမို လိုက်ပါခဲ့ရပြီး ပွဲအစ (၅) မိနစ်မှာတင် အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒီလိုမျိုး ဟာဗက်ဇ်ကို ဘယ်နောက်ခံလူနေရာ ထားကစားခဲ့တဲ့အပေါ် နာဂယ်လ်စမန်းက “ဟာဗက်ဇ်က အဲ့ဒီနေရာမှာပဲ အမြဲတမ်း ရှိနေမှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ကြီးကျယ်ခမ်းနားတဲ့ အိုင်ဒီယာရှိပြီး သူက အရမ်းကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဟာဗက်ဇ်ဟာ တိုက်စစ်မှူး၊ တောင်ပံကစားသမား၊ ကွင်းလယ်လူအဖြစ်နဲ့ပါ ကစားခဲ့ဖူးပြီး အခုချိန်မှာတော့ ဘယ်နောက်ခံလူနေရာမှာပါ ကစားနိုင်ပြီဖြစ်တာကြောင့် ပရိသတ်တွေကတော့ ဒီအာဆင်နယ် ကစားသမားကို စွယ်စုံရကစားသမားအဖြစ် မှတ်ချက်ပြု ချီးကျူးနေကြပါတယ်။