အိုမစ်ခရွန်ဗိုင်းရပ်စ်သစ်ကြောင့် ဂျာမနီမှာ ကူးစက်မှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်မှုအပေါ် စိုးရိမ်ပူပန်နေပါတယ်

ဥရောပဒေသတွင်း ဂျာမနီနိုင်ငံက နေ့စဥ် COVID-19 ကူးစက်မှုတွေ မြင့်တက်လာနေမှုကို ထိန်းချုပ်ရန် ရည်ရွယ်ပြီး ကာကွယ်ဆေးမထိုးထားသူတွေကို အသွားအလာကန့်သတ်ချက်များ ယမန်နေ့ (ဒီဇင်ဘာ ၂ ရက်) မှာ သတ်မှတ်လိုက်ပါတယ်။

အသစ်တွေ့ရှိလာရတဲ့ ဗီဇပြောင်း အိုမစ်ခရွန်ဗိုင်းရပ်စ်သစ်ကြောင့် ဂျာမနီမှာ ကပ်ရောဂါကူးစက်မှု အခြေအနေ ပိုမိုဆိုးရွားလာနိုင်မှုအပေါ် စိုးရိမ်ပူပန်နေပါတယ်။ ဂျမန်ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်တော့မယ့် အန်ဂျလာမာကယ်လ်နဲ့ ၎င်းရဲ့နေရာကို ဆက်ခံသွားမယ့် Olaf Scholz တို့က ဂျာမနီရဲ့ပြည်နယ် ၁၆ ခုမှ ခေါင်းဆောင်တွေနဲ့ သဘောတူညီမှုအရ COVID-19 ကာကွယ်ဆေးမထိုးထားရသေးသူတွေကို စားသောက်ကုန်၊ ဆေးဝါးနဲ့ မုန့်အရောင်းဆိုင်များကဲ့သို့ မရှိမဖြစ် လုပ်ငန်းနေရာများကလွဲပြီး အခြားနေရာတွေများကို ဝင်ခွင့်ပိင်ပင်ထားမှာ ဖြစ်ပါတယ်။



ယခု သတ်မှတ်လိုက်တဲ့ ကန့်သတ်ချက်အရ ကာကွယ်ဆေးမထိုးထားသူတွေဟာ ဘားဆိုင်နဲ့ စားသောက်ဆိုင်ကဲ့သို့‌ နေရာတွေကို ဝင်ရောက်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ "အခြေအနေက အလွန်စိုးရိမ်စရာပါ၊ ကူးစက်မှုအရေအတွက်က တည်ငြိမ်နေတယ်၊ ဒါပေမဲ့ အလွန်မြင့်မားတဲ့နှုန်းမှာ ရှိနေဆဲဖြစ်ပါတယ်" လို့ မာကယ်လ်က Scholz နဲ့အတူ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျာမနီမှာ COVID-19 ကာကွယ်ဆေးကို မဖြစ်မနေထိုးရန်အဖြစ် စည်းမျဥ်းသတ်မှတ်ချက် ထုတ်သွားရန်လည်း လွှတ်တော်မှာ ဆွေးနွေးသွားမှာဖြစ်ပြီး နောက်အကျဆုံး လာမယ့်နှစ် ဖေဖေါ်ဝါရီလအတွင်း မဲခွဲဆုံးဖြတ်သွားမယ်လို့ မာကယ်လ်က ဆိုပါတယ်။ လက်ရှိမှာ ဂျာမနီလူဦးရေ ၆၉ ရာခိုင်နှုန်းနီးပါးက ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီဖြစ်ကြောင်း သိရပါတယ်။

သို့သော် အိုမစ်ခရွန်ဗိုင်းရပ်စ်သစ် တွေ့ရှိလာရမှုနဲ့အတူ နိုင်ငံမှာ စတုတ္တလှိုင်း COVID-19 ကူးစက်မှုတွေ မြင့်တက်လာပြီး ဆေးရုံတွေမှာ မနိုင်းမနင်ဖြစ်လာမယ့်အန္တရာယ်ကို ဂျာမန်အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။ ကြာသပတေးနေ့ (ဒီဇင်ဘာ ၂ ရက်) ထုတ်ပြန်ချက်အရ ဂျာမနီမှာ ကူးစက်ခံရ ၇၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၈၈ ဦး တိုးလာခဲ့ပြီး ထိုနေ့အထိ အိုမစ်ခရွန်ကူးစက်မှု ၉ ခု တွေ့ရှိထားကြောင်း သိရပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ပထမဆုံး တွေ့ရှိလာရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမစ်ခရွန် (Omicron) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက (World Health Organization - WHO) က 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ထားပါတယ်။ အိုမစ်ခရွန်ဟာ နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့ဖွယ်ရှိပြီး ကူးစက်မှုများ မြင့်တက်လာနိုင်တဲ့အန္တရာယ် အလွန်မြင့်မားကြောင်း WHO က ပြောထားပါတယ်။

အိုမစ်ခရွန်နဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုတွေ ယခုအချိန်အထိ မရှိသေးပေမဲ့ ကာကွယ်ဆေးတွေနဲ့ ယခင် COVID-19 ဖြစ်ခဲ့ဖူးသူတွေမှာ က ကာကွယ်နိုင်မှုကို သိရှိနိုင်ရန် နောက်ထပ် လေ့လာမှုတွေ လိုအပ်နေသေးကြောင်း WHO က ဆိုပါတယ်။ အိုမစ်ခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုတွေ့ရတဲ့ နိုင်ငံနဲ့နယ်မြေ အရေအတွက်ဟာ ဒီဇင်ဘာ ၂ ရက်နေ့အထိ ၂၆ ခုရှိလာပြီ ဖြစ်ပါတယ်။

တောင်အာဖရိက၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘော့ဆွာနာ၊ ဘရာဇီး၊ ချက်ရီပတ်ဘလစ်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ အိန္ဒိယ၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ တောင်ကိုရီးယား၊ နော်ဝေ၊ ပေါ်တူဂီ၊ ဆော်ဒီအာရေဗျ၊ ဗြိတန်၊ အမေရိကန်၊ စပိန်နဲ့ ဆွီဒင်တို့မှာ အိုမစ်ခရွန်ကူးစက်မှုများ တွေ့ရှိထားပါတယ်။

Source and Photo: Reuters



ဆက်စပ်အကြောင်းအရာများ

Share

က္က