ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်း လူ ၁၀၀,၀၀၀ လျှင် ကူးစက်မှုအသစ် ၁၅၄.၈ ဦးနှုန်း တွေ့ရှိလာရပါတယ်

ဂျာမနီနိုင်ငံရဲ့ COVID-19 ကူးစက်မှုအသစ်တွေ့ရှိနှုန်းဟာ မေလနောက်ပိုင်း ပထမဆုံးအကြိမ် လူ ၁၀၀,၀၀၀ မှာ ၁၅၀ ကျော်ဖြစ်လာခဲ့ရာ ပြင်းထန်တဲ့ စတုတ္တလှိုင်း ကူးစက်မှုများ ဖြစ်ပွားလာမယ့်အရေး စိုးရိမ်ပူပန်နေပါတယ်။

Robert Koch Institute (RKI) က ယနေ့ (နိုဝင်ဘာ ၁ ရက်) ထုတ်ပြန်မှုအရ ဂျာမနီမှာ ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်း လူ ၁၀၀,၀၀၀ လျှင် ကူးစက်မှုအသစ် ၁၅၄.၈ ဦးနှုန်း တွေ့ရှိလာရကြောင်းနဲ့ ထိုနှုန်းဟာ လွန်ခဲ့တဲ့ တစ်ပတ်က ၁၁၀.၁ ရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။



(ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်) (Photo: Reuters)

ဂျာမန်အဓိပတိရာထူးကနေ ထွက်ခွာတော့မယ့် အန်ဂျလာမာကယ်လ်က အလွန်စိုးရိမ်စရာကောင်းတဲ့ ကူးစက်မှုနှုန်းမြင့်တက်လာနိုင်မှုကို ဟန့်တားထိန်းချုပ်ရန် စီမံဆောင်ရွက်ချက်များ အလျင်အမြန် လုပ်ဆောင်ကြရန် ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်) မှာ တိုက်တွန်းခဲ့ပါတယ်။

ဂျာမနီမှာ ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်ချက်တွေကို အစိုးရသစ်ဖွဲ့စည်းပြီးချိန်အထိ စောင့်ဆိုင်းမနေနိုင်ကြောင်း မာကယ်လ်က အလေးအနက် ပြောခဲ့ပါတယ်။ ဂျာမနီနိုင်ငံကို ၁၆ နှစ်ကြာ ဦးဆောင်လာခဲ့တဲ့ မာကယ်လ်ဟာ စက်တင်ဘာလ ရွေးကောက်ပွဲမှာ ၎င်းရဲ့ Christian Democratic Union of Germany (CDU) က Social Democrats (SPD) ကို ကျဥ်းမြောင်းတဲ့ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဂျာမန်အဓိပတိ ရာထူးကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

(Photo: AFP)

ယခုအခါ SPD က အခြား နိုင်ငံရေးပါတီနှစ်ခုနဲ့ ဆွေးနွေးညှိနှိုင်းနေပြီး လာမယ့် ဒီဇင်ဘာလအစောပိုင်းမှာ ညွှန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ထားပါတယ်။ ဂျာမနီနိုင်ငံမှာ PKI က ယနေ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၉,၆၅၈ ဦး တွေ့ရှိခဲ့ရပြီး သေဆုံးသူ ၂၃ ဦးရှိခဲ့ကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က