ကာကွယ်ဆေးမထိုးဘဲ ကျန်းမာရေးစည်းမျဥ်းကို ဂရုမစိုက်သူတွေကြောင့် ကူးစက်မှုတွေ မြင့်တက်လာတယ်လို့ ကျန်းမာရေးဝန်ကြီးက အပြစ်တင်ခဲ့ပါတယ်

ဂျာမနီမှာ ပြင်းထန်တဲ့ COVID-19 စတုတ္တလှိုင်းကို ရပ်တန့်ရန် ဘာမှမလုပ်ပါက နိုင်ငံမှာ နောက်ထပ် လူ ၁၀၀,၀၀၀ ထိုရောဂါကြောင့် သေဆုံးကြလိမ့်မယ်လို့ နိုင်ငံရဲ့ ရောဂါပိုးမွှားဆိုင်ရာ ထိပ်တန်းပညာရှင်တွေအနက်မှ တစ်ဦးက ထုတ်ဖော်သတိပေးလိုက်ပါတယ်။

ဂျာမနီမှာ ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်) က ကူးစက်ခံရသူ ၄၀,၀၀၀ နီးပါး တိုးလာခဲ့ရာ COVID-19 ကပ်ရောဂါ စတင်ချိန်မှစပြီး တစ်ရက်အတွင်း ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။ "ကျွန်တော်တို့ အခု လုပ်ဆောင်ရမှာ" လို့ Christian Drosten က ပြောပါတယ်။ ၎င်းက ကူးစက်မှုဟာ အမှန်တကယ် အရေးပေါ်အခြေအနေဖြစ်နေပြီလို့ ဆိုပါတယ်။ 



(Photo: AFP)

လိုက်ပစ်ဇ်တက္ကသိုလ်ဆေးရုံ (Leipzig University Hospital) ရှိ အထူးကြပ်မတ်ကုဆောင်မှ ဆရာဝန်တွေကလည်း COVID-19 စတုတ္တလှိုင်းဟာ အပြင်းထန်ဆုံး ဖြစ်နိုင်ကြောင်း သတိပေးခဲ့ကြပါတယ်။ ထိုဆေးရုံမှာ အသက် ၂၀ ကျော်အရွယ် COVID-19 လူနာ ကိုယ်ဝန်ဆောင်တစ်ဦး ကလေးမွေးဖွားခဲ့ရာ ကလေးငယ်ဟာ ကျန်းမာရေးကောင်းပေမဲ့ မိခင်ဖြစ်သူကတော့ အသက်ရှင်မလားဆိုတာ မသိနိုင်ဘူးလို့ ဝန်ထမ်းတွေက ပြောပါတယ်။

အခု ဒီစတုတ္တလှိုင်းမှာ လူနာတွေကို ကုသပေးရာမှာ ဆေးရုံဝန်ထမ်းတွေ စိတ်ဓာတ်တက်ကြွနေစေဖို့ ခက်ခဲပါတယ်၊ လူဦးရေအများစုကြီးက ကိုဗစ်ပြဿနာကို လျှော့တွက်နေကြဆဲပဲ

Saxony ပြည်နယ်ဟာ ဂျာမနီမှာ ခုနစ်ရက်ဆက်တိုက် ကူးစက်မှုအမြင့်ဆုံး ပြည်နယ်ဖြစ်ခဲ့ပြီး လူ ၁၀၀,၀၀၀ လျှင် ကူးစက်မှု ၄၅၉ ဦးနှုန်း ဖြစ်ခဲ့ပါတယ်။ ဂျာမနီတစ်နိုင်ငံလုံး အတိုင်းအတာကတော့ လူ ၁၀၀,၀၀၀ လျှင် ကူးစက်မှု ၂၃၂ ဦးနှုန်းသို့ မြင့်တက်လာခဲ့ပါတယ်။ ဂျာမနီမှာ လူဦးရေရဲ့ ၆၆ ရာခိုင်နှုန်း COVID-19 ကာကွယ်ဆေးထိုးပြီးဖြစ်ရာ ဥရောပမှာ ကာကွယ်ဆေးထိုးမှုနှုန်း အနိမ့်ဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်နေပါတယ်။

လိုက်ပစ်ဇ်တက္ကသိုလ်ဆေးရုံရဲ့ COVID-19 လူနာဆောင်မှာ လူနာ ၁၈ ဦးရှိရာ ၄ ဦးကသာ ကာကွယ်ဆေးထိုးထားသူတွေလို့ ဆိုပါတယ်။ "အခု ဒီစတုတ္တလှိုင်းမှာ လူနာတွေကို ကုသပေးရာမှာ ဆေးရုံဝန်ထမ်းတွေ စိတ်ဓာတ်တက်ကြွနေစေဖို့ ခက်ခဲပါတယ်၊ လူဦးရေအများစုကြီးက ကိုဗစ်ပြဿနာကို လျှော့တွက်နေကြဆဲပဲ" လို့ ပါမောက္ခ Sebastian Stehr က ပြောပါတယ်။

(Photo: Bernd von Jutrczenka / DPA)

ယခုအချိန်အထိပင် COVID-19 ဖြစ်ခဲ့ဖူးသူကသာ ကူးစက်ခံရမှု အန္တရာယ်ကို သိရှိနားလည်ပေမဲ့ လူနာသစ်အများအပြားကတော့ ကာကွယ်ဆေးထိုးမထားကြဘူးလို့ ဆိုပါတယ်။ ဂျာမနီ ကျန်းမာရေးဝန်ကြီးကတော့ ကာကွယ်ဆေးထိုးမထားဘဲ ကျန်းမာရေးစည်းမျဥ်းကို ဂရုမစိုက်သူတွေကြောင့် ကူးစက်မှုတွေ မြင့်တက်လာတယ်လို့ လူသိရှင်ကြား အပြစ်တင်ခဲ့ပြီး လက်ရှိအခြေအနေဟာ "ကာကွယ်ဆေးမထိုးထားမှုရဲ့ ကပ်ဘေး" အဖြစ် ပြောခဲ့ပါတယ်။

Saxony ပြည်နယ်မှာ ယခုသီတင်းပတ်မှစပြီး ကာကွယ်ဆေးမထိုးထားသူတွေကို ဘားဆိုင်များ၊ စားသောက်ဆိုင်များ၊ အများပြည်သူဆိုင်ရာပွဲများနဲ့ အားကစားပွဲများ၊ အပန်းဖြေနေရာများသို့ ဝင်ရောက်ခွင့်ပိတ်ပင်လိုက်ပါတယ်။ ဂျာမနီမှာ အခြား ပြည်နယ်အများအပြားကလည်း ထိုနည်းတူ ပိတ်ပင်မှုတွေ ဆောင်ရွက်လာနိုင်ကြောင်း သိရပါတယ်။

(ကာကွယ်ဆေးဆန့်ကျင်သူများ ဆန္ဒပြမှု) (Photo: BBC)

ဂျာမနီရှိ ကာကွယ်ဆေးထိုးမှုကို ဆန့်ကျင်သူ anti-vaxxers တွေက သက်ဆိုင်ရာက ထိုသို့ ပိတ်ပင်မှုကို ဒေါသထွက်နေကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လိုက်ပစ်ဇ်မှာ ကာကွယ်ဆေးဆန့်ကျင်သူ ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။ "ဒါက ခွဲခြားဆက်ဆံတာပဲ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒါကို လက်မခံဘူးဆိုတာ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ထုတ်ဖော်ချင်ပါတယ်" လို့ ကာကွယ်ဆေးဆန့်ကျင်ရေးလှုပ်ရှားမှု "Bewegung Leipzig" (Leipzig Movement) ကို ကိုယ်စားပြုသူ Leif Hansen က ပြောပါတယ်။

ဒါက ခွဲခြားဆက်ဆံတာပဲ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒါကို လက်မခံဘူးဆိုတာ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ထုတ်ဖော်ချင်ပါတယ်

ဥရောပမှာ ကူးစက်မှုတွေ ပြန်မြင့်တက်လာနေမှုနဲ့ ပတ်သက်ပြီး ဥရောပဟာ COVID-19 ကပ်ရောဂါ ဗဟိုချက်နေရာ ထပ်ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သတိပေးထားခဲ့ပါတယ်။

ဥရောပတိုက်အတွင်း လာမယ့် ဖေဖေါ်ဝါရီလမှာ ကပ်ရောဂါကြောင့် နောက်ထပ် သေဆုံးသူ သန်းတစ်ဝက်ရှိလာနိုင်ကြောင်း WHO ဥရောပဆိုင်ရာ အကြီးအကဲ Hans Kluge က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကူးစက်မှုတွေ မြင့်တက်လာရခြင်းဟာ ကာကွယ်ဆေးထိုးမှု မလုံလောက်တာကြောင့်လို့ ၎င်းကဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က