ဂျာမနီနိုင်ငံရဲ့ COVID-19 ကူးစက်မှုအခြေအနေဟာ သိသိသာသာကြီး ဖြစ်လာကြောင်း ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်က ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ပြောကြားပြီး ကာကွယ်ဆေးထိုးမှုတွေ ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရန်နဲ့ ကာကွယ်ဆေးအပေါ် သံသယရှိသူတွေအနေနဲ့ ၎င်းတို့ရဲ့ စိတ်သဘောထားကို ပြောင်းလဲကြရန် တိုက်တွန်းလိုက်ပါတယ်။
စတုတ္တလှိုင်းက ကျွန်မတို့နိုင်ငံမှာ အရှိန်အဟုန်အပြည့်နဲ့ ဖြစ်ပွားနေပါတယ်
ဂျာမနီမှာ ယနေ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ COVID-19 လူနာသစ် ၅၂,၈၂၆ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအများဆုံးအဖြစ် နောက်ထပ် စံချိန်တင်ခဲ့ပါတယ်။ ထို့အတူ COVID-19 ကြောင့် သေဆုံးသူကလည်း ၂၉၄ ဦး တိုးလာခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူစုစုပေါင်း ၉၈,၂၇၄ ဦးရှိခဲ့ပါတယ်။ ဂျာမနီဟာ ကပ်ရောဂါကူးစက်မှု စတုတ္တလှိုင်းကို ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
(ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်) (Photo: Reuters)
"ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးဖို့ သိပ်နောက်မကျသေးပါဘူး၊ ကာကွယ်ဆေးထိုးထားသူတိုင်းက ကိုယ့်ကိုယ်ကိုယ်နဲ့ အခြားသူတွေကို ကာကွယ်ပေးပါတယ်၊ တစ်ကယ်လို့ လုံလောက်တဲ့ လူဦးရေက ကာကွယ်ဆေးထိုးပြီးဖြစ်မယ်ဆိုရင် ဒါက ကပ်ရောဂါကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်းပါ" လို့ မာကယ်လ်က ပြောပါတယ်။
တစ်ကယ်လို့ လုံလောက်တဲ့ လူဦးရေက ကာကွယ်ဆေးထိုးပြီးဖြစ်မယ်ဆိုရင် ဒါက ကပ်ရောဂါကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်းပါ
"စတုတ္တလှိုင်းက ကျွန်မတို့နိုင်ငံမှာ အရှိန်အဟုန်အပြည့်နဲ့ ဖြစ်ပွားနေပါတယ်၊ နေ့စဥ် ကူးစက်မှုအသစ်တွေက ယခင်ကထက် ပိုမြင့်တက်လာပြီး နေ့စဥ် သေဆုံးမှုအရေအတွက်ကလည်း ကြောက်စရာကောင်းနေပါတယ်" လို့ ဂျာမန်အဓိပတိက ဖြည့်စွက်ပြောပါတယ်။ အစဥ်အလာအရ ကာကွယ်ဆေးထိုးရန် စိတ်အားထက်သန်ခြင်း မရှိကြတာကြောင့် ဥရောပမှာ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ဂျာမနီနိုင်ငံရဲ့ လူဦးရေ ၆၈ ရာခိုင်နှုန်းကသာ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားရပါသေးပါတယ်။
(Photo: AFP)
ထိုရာခိုင်နှုန်းဟာ အနောက်ဥရောပမှာ ပျမ်းမျှ ကာကွယ်ဆေးထိုးနှုန်းထက် နိမ့်ကျနေခဲ့ပါတယ်။ ထို့အတူ ဂျာမနီလူဦးရေရဲ့ ၅ ရာခိုင်နှုန်းကသာ စွမ်းရည်မြှင့်တင်ပေးတဲ့ ကာကွယ်ဆေးထိုးအစီအစဥ်အရ ကာကွယ်ဆေး ထပ်မံထိုးထားကြပါသေးတယ်။
နေ့စဥ် ကူးစက်မှုအသစ်တွေက ယခင်ကထက် ပိုမြင့်တက်လာပြီး နေ့စဥ် သေဆုံးမှုအရေအတွက်ကလည်း ကြောက်စရာကောင်းနေပါတယ်
ဂျာမနီအပါအဝင် ဥရောပတိုက်တစ်လွှား ကူးစက်မှုများ မြင့်တက်လာနေခဲ့တာကြောင့် ဥရောပဟာ COVID-19 ကပ်ရောဂါ ဗဟိုချက်နေရာ ထပ်ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်မှာ သတိပေးထားခဲ့ပါတယ်။