ဂျာမန်ဘောလုံးလောကရဲ့ နာမည်ကျော်အသင်းတသင်းဖြစ်တဲ့ ရှော်လ်ကေးဟာ ရုရှားတို့ရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဂက်ဇ်ပရွန်လိုဂိုကို သူတို့ရဲ့ ဂျာစီပေါ်ကနေ ဖယ်ရှားသွားမယ်လို့ တရားဝင်အတည်ပြုလိုက်ပါတယ်။ ဂက်ဇ်ပရွန်ဟာ ရုရှားအစိုးရပိုင်ဖြစ်တဲ့အပြင် ဘောလုံးလောကမှာ ပုံရိပ်ကြီးမားတဲ့ စပွန်ဆာကုမ္ပဏီတခုလည်းဖြစ်ပါတယ်။
ဥရောပရဲ့ အဆင့်မြင့်ဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဂက်ဇ်ပရွန်က စပွန်ဆာပေးထားပြီး ရှော်လ်ကေးရဲ့ ဂျာစီစပွန်ဆာကုမ္ပဏီတခုလည်းဖြစ်ပေမယ့် ဘွန်ဒက်စ်လီဂါ-၂ ကလပ် ရှော်လ်ကေးကတော့ ရုရှားကုမ္ပဏီနဲ့ ပတ်သက်လို့ အခုလိုပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ရှော်လ်ကေးက “နောက်ဆုံး ဆုံးဖြတ်ချက်တွေအရ ရှော်လ်ကေးအနေနဲ့ ကလပ်ဂျာစီတွေကနေ ဂက်ဇ်ပရွန်လိုဂိုကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပါတယ်”
“အဲ့ဒီအစား Schalke 04 ဆိုတဲ့ ကလပ်အသင်းနာမည်ကို မြင်တွေ့ရမှာပါ” လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ Bild သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့မှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ နည်းပြ ဂရမ်မိုဇီဝတ်ဆင်လာတဲ့ အင်္ကျီမှာလည်း ဂက်ဇ်ပရွန်လိုဂို မပါဝင်တော့ဘူးလို့ သိရပါတယ်။
ဂျာမနီဟာ ရုရှားရဲ့ကျူးကျော်စစ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့နိုင်ငံတနိုင်ငံလည်းဖြစ်ပြီး ရှော်လ်ကေးရဲ့ ကြေညာချက်မတိုင်ခင်မှာ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ကလည်း ရုရှားရဲ့လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ထားပါသေးတယ်။
လက်ရှိကျင်းပနေတဲ့ ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပြိုင်ပွဲတွေအတွက် ဂက်ဇ်ပရွန်က အဓိကစပွန်ဆာတွေထဲကတခုအဖြစ် ပါဝင်နေဆဲပါ။ ဒါပေမယ့် ယူအီးအက်ဖ်အေကတော့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပဖို့ စီစဥ်ထားတဲ့ ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အခြားသောကွင်းမှာ ရွှေ့ပြောင်းကျင်းပမှာဖြစ်ပြီး မနက်ဖြန်မှာတော့ ရွှေ့ပြောင်းကျင်းပမယ့် ကွင်းနာမည်ကို တရားဝင်ကြေညာဖို့ရှိနေပါတယ်။