အာဆင်နယ် ကစားသမားဟောင်းကြီး ရေးပါလာက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အာဆင်နယ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုက ကွင်းလယ်လူ ဂျော်ဂျင်ဟိုဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ဆောင်းရာသီကမှ ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
အဆိုပါ အီတလီ လက်ရွေးစင် ကွင်းလယ်လူဟာ ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့နောက်ဆုံးရက်မှ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက်လည်း လက်ကျန်ရာသီဝက်မှာ (၁၄) ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူမရောက်ခင်က အဆင့် (၁) နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်က ဂျော်ဂျင်ဟို ရောက်လာပြီးနောက်ပိုင်း အမှတ်တွေ ဆက်တိုက်လျှော့ကာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါတယ်။
ဒါပေမယ့် ရေးပါလာကတော့ “ဂျော်ဂျင်ဟိုက ကွင်းလယ်မှာ ပုံစံကောင်းပြနိုင်ခဲ့ပါတယ်။ ထရော့ဆက်ဒ်၊ ဂျေးဆုတို့ကလည်း ပုံစံကောင်းတွေ ပြသခဲ့ကြပါတယ်။ ပေးလိုက်ရတဲ့ ပိုက်ဆံနဲ့ ပြန်ရလိုက်တဲ့ အရည်အချင်းအရဆိုရင်တော့ ကွင်းလယ်မှာ ဂျော်ဂျင်ဟိုပါပဲ။ အတွေ့အကြုံကို ဝယ်ယူလို့မရပါဘူး”
“ဂျော်ဂျင်ဟိုက သုညကနေ စပြီး အဆုံးအထိ ချန်ပီယံဖြစ်ဖို့ ဘာလုပ်သင့်တယ်ဆိုတာကို သိပါတယ်။ ဇင်ချန်ကိုကလည်း ဂျော်ဂျင်ဟိုလိုပဲ ကောင်းမွန်တဲ့ အဆင့်အတန်းတစ်ခုကို ပြသခဲ့ပါသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဂျော်ဂျင်ဟိုအတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၀) သန်း ပေးချေခဲ့ရတာဖြစ်ပါတယ်။
ရေးပါလာမတိုင်ခင်ကလည်း အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က အသင်းအနေနဲ့ ချဲလ်ဆီးကနေ အင်တာမီလန်ကို အငှားနဲ့ သွားရောက်ကစားနေတဲ့ လူကာကူကို ခေါ်ယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုချိန်မှာလည်း ဂျော်ဂျင်ဟိုနဲ့ပတ်သက်လို့ ရာသီကုန်ချိန်မှာ ဝေဖန်မှုတွေရှိနေပေမယ့် ရေးပါလာကလည်း အခုလိုမျိုး ဖွင့်ဟလာခဲ့တာပါ။