မနေ့ညက ကစားခဲ့တဲ့ ဂျော်ဂျီယာနဲ့ ပေါ်တူဂီတို့ရဲ့ ယူရိုအုပ်စုနောက်ဆုံးပွဲမှာ ရော်နယ်ဒိုက သူ့ရဲ့ ဂျာစီကို ဂျော်ဂျီယာ ကစားသမား ခါဗာရက်ခီလီယာအတွက် ပေးအပ်သွားခဲ့ပါတယ်။ ဒီပွဲမှာ ဂျော်ဂျီယာက နှစ်ဂိုးပြတ်နဲ့ ပေါ်တူဂီကို အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲရလဒ်က အုပ်စုဗိုလ်ဖြစ်ပြီးသား ပေါ်တူဂီအတွက် ဘာမှအရေးမပါခဲ့ပေမယ့် ဂျော်ဂျီယာကတော့ ဒီနိုင်ပွဲကြောင့် ရမှတ် (၄) မှတ်နဲ့ အကောင်းဆုံး အုပ်စုတတိယအသင်းအဖြစ် နောက်တစ်ဆင့်ကို တက်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ခီလီယာက ဂျော်ဂျီယာအတွက် ခြေစွမ်းပြခဲ့ပါတယ်။
ပွဲရဲ့ အကောင်းဆုံးဆုကို ခီလီယာက ရရှိခဲ့သလို ပွဲအပြီးမှာလည်း သူက ရော်နယ်ဒိုဆီ သွားရောက်ပြီး ဂျာစီတောင်းဆိုခဲ့တာပါ။ ရော်နယ်ဒိုကလည်း ခီလီယာနဲ့ ရင်းရင်းနှီးနှီးရှိခဲ့ပြီး သူ့ရဲ့ဂျာစီကို ခီလီယာအတွက် ပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ခီလီယာက ရော်နယ်ဒိုရဲ့ဂျာစီကို ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာမှာတင်ခဲ့ပြီး “အိပ်မက်” လို့ ရေးသားခဲ့ပါတယ်။ ခီလီယာရဲ့ စံပြပုဂ္ဂိုလ်က ရော်နယ်ဒိုဖြစ်ပြီး သူ့အနေနဲ့ ဒီပွဲမှာ ရော်နယ်ဒိုနဲ့လည်း ရင်ဆိုင်ခွင့်ရ၊ ခြေစွမ်းလည်းပြ၊ အသင်းကလည်း နောက်တစ်ဆင့်တက်ပြီး ရော်နယ်ဒိုဆီက ဂျာစီပါ ရလိုက်တာပါ။
ဂျော်ဂျီယာတို့ ဒီလိုမျိုး ယူရိုပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ခဲ့တာက သူတို့သမိုင်းတစ်လျှောက်မှာ ပထမဆုံးအဖြစ်နဲ့ ယူရိုမှာ ရှုံးထွက်အဆင့်ကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။