ချဲလ်ဆီးပရိသတ်တွေဟာ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့နောက် ဂျော်ဂျင်ဟိုကို အာဆင်နယ်ဆီ ပို့ဆောင်ခဲ့တဲ့ မစ်ရှင်က အောင်မြင်ကြောင်း ဆိုရှယ်မီဒီယာမှာ နောက်ပြောင် ပြောကြားနေကြပါတယ်။ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ဆောင်းရာသီကမှ ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာပါ။
အာဆင်နယ်ဟာ ဂျော်ဂျင်ကိုကို မခေါ်ယူခင် နောက်ဆုံးပွဲမှာ ဒုတိယနေရာက အသင်းထက် တစ်ပွဲလျော့၊ ငါးမှတ်အသာရရှိခဲ့ပြီး သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အလားအလာကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဧပြီလနှောင်းပိုင်းမှာ အာဆင်နယ်ရဲ့ ရလဒ်ပိုင်းတွေ ဆက်တိုက်ထိုးကျသွားခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ရာသီသိမ်းချိန်မှာ မန်စီးတီးက ပြန်လည်ကျော်တက်နိုင်ခဲ့ပြီး မနေ့ညက ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံအဖြစ် တရားဝင်အောင်ပွဲခံနိုင်ခဲ့ပါပြီ။ လက်ရှိလန်ဒန်မြို့မှာဆိုရင် အာဆင်နယ်တစ်သင်းတည်းသာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ဂျော်ဂျင်ဟိုရဲ့ အသင်းဟောင်း ချဲလ်ဆီးကတော့ ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးပရိသတ်တွေကတော့ ဂျော်ဂျင်ဟိုကို အာဆင်နယ်ပို့လိုက်လို့ အခုလိုမျိုး ကြုံတွေ့ခဲ့ရတယ်လို့ဆိုပြီး ဂျော်ဂျင်ဟိုကို စပိုင်တစ်ယောက်၊ အေးဂျင့်တစ်ယောက်အဖြစ် ဆိုရှယ်မီဒီယာပေါ်မှာ နောက်ပြောင်နေကြပါတယ်။ ပရိသတ်တွေက “အာဆင်နယ်က ဂျော်ဂျင်ဟိုကို ခေါ်လိုက်ကတည်းက ကျွန်တော်တို့ရဲ့ မစ်ရှင် အောင်မြင်သွားပါပြီ”
“အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ဂျော်ဂျင်ဟို။ မင်းက ချဲလ်ဆီးအတွက် ရာသီအားလုံးမှာ ပေးဆပ်ခဲ့ပါတယ်” “အေးဂျင့်ဂျော်ဂျင်ဟိုရေ။ မင်းရဲ့မစ်ရှင်ပြီးပါပြီ။ မူလနေရပ်ကို ပြန်လာလိုက်ပါ” “ဒုတိယနေရာက အသင်းကို (၅) မှတ်ဖြတ်ထားတဲ့ အနေအထားကနေ (၂) ပွဲ ပိုကစားပြီး (၄) မှတ်ပြတ်တဲ့အနေအထားကို ဂျော်ဂျင်ဟို ပို့ပေးလိုက်ပါတယ်” လို့ အသီးသီးနောက်ပြောင်နေခဲ့ကြပါတယ်။