မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့လိုက်ပ်ဇစ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာတော့ လီဗာပူးက ငါးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးတို့ ဂိုးပြတ်အနိုင်ရရှိတာထက် ပိုမိုချိုမြိန်တဲ့အရာကတော့ ဒီနွေမှာမှ ခေါ်ယူထားတဲ့ ဒါဝင်နူးနက်ဇ် တယောက်တည်း လေးဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။
နူးနက်ဇ်ဟာ ယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ပွဲတွေမှာ အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါ့အပြင် ဒီကစားသမားအတွက် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကြောင့်ပဲ လီဗာပူးတို့ အပြောင်းအရွှေ့မှာ အတွက်အချက်မှားသွားပြီလို့လည်း ပြိုင်ဘက်ပရိသတ်တွေကလှောင်ပြောင်နေခဲ့ကြပါတယ်။
ဒါပေမယ့် မနေ့က လိုက်ပ်ဇစ်နဲ့ပွဲမှာတော့ နူးနက်ဇ်က အသင်းအတွက် လူစားဝင်လာပြီး ခဏအကြာမှာပဲ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစစချင်း လူစားဝင်လာတဲ့ နူးနက်ဇ်က ပွဲကစားချိန် (၄၆) မိနစ်မှာရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါနဲ့တင်မရပ်တန့်သေးပါဘူး။
နူးနက်ဇ်က နောက် (၂) မိနစ်အကြာမှာပဲ အသင်းအတွက် နောက်ထပ်တဂိုးသွင်းယူပေးခဲ့ပြီး (၃) မိနစ်အတွင်းမှာတင် (၂) ဂိုးဆက်တိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးအတွက် ဦးဆောင်ဂိုးကိုတော့ ပထမပိုင်းမှာ အဓိကတိုက်စစ်ကစားသမား ဆာလာက သွင်းယူပေးထားခဲ့တာပါ။
ပွဲကစားချိန် (၆၇) မိနစ်မှာတော့ နူးနက်ဇ်က သူ့အတွက် လီဗာပူးကစားသမားဘဝ ပထမဆုံးဟက်ထရစ်ဖြစ်စေမယ့်ဂိုးကို ထပ်မံသွင်းယူပေးသွားခဲ့ပါတယ်။ နူးနက်ဇ်ဟာ မိနစ် (၂၀) အတွင်းမှာတင် အသင်းအတွက် သုံးဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဟက်ထရစ်ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲသိမ်းဂိုးကိုလည်း နူးနက်ဇ်ကပဲ သူ့အတွက် လေးဂိုးမြောက်အဖြစ် ပွဲကစားချိန်နောက်ဆုံးမိနစ်မှာ သွင်းယူပေးသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ လီဗာပူးက လိုက်ပ်ဇစ်ကို ငါးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီး လီဗာပူးပရိသတ်တွေအတွက်တော့ နူးနက်ဇ်ရဲ့ ဂိုးမိုးရွာမှုကြောင့် ကျေနပ်ရတာထက်ပိုတဲ့ ခြေစမ်းပွဲလည်းဖြစ်ခဲ့ပါတယ်။