ယူနိုက်တက် ကစားသမား အနည်းဆုံးသုံးယောက်က ဒီနေ့မှာပဲ ဂရင်းဝုဒ်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို Unfollow လုပ်ခဲ့ပြီလို့ သိရှိရပါတယ်။ ဒီကစားသမားရဲ့ ချစ်သူဟာ ဒီနေ့မှာပဲ ဂရင်းဝုဒ်ဆီက ညှင်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတဲ့အကြောင်းကို လူသိရှင်ကြား ဖွင့်ဟခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ အတူနေချစ်သူ ရော့ဘ်ဆင်ကို တော်တော်ဆိုးဆိုးရွားရွား နှိပ်စက်ထားခဲ့ပြီး အဆိုပါ မိန်းကလေးဟာ မျက်နှာနဲ့ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ဒဏ်ရာဒဏ်ချက် အများအပြားရရှိခဲ့ပါတယ်။ ဒါ့အပြင် ရော့ဘ်ဆင်က ဂရင်းဝုဒ်ကို အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲမယ်လို့ဆိုထားပြီး ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့ကလည်း ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီလို့ အတည်ပြုထားပါတယ်။
ဒါဟာ ဂရင်းဝုဒ်အတွက်တော့ ကစားသမားဘဝပါ အဆုံးသတ်သွားနိုင်တဲ့ အနေအထားဖြစ်ပြီး လူ့အဖွဲ့အစည်းမှာ လက်မခံနိုင်စရာ အနေအထားကို ကျူးလွန်တဲ့ ဂရင်းဝုဒ်ကို အသင်းဖော် ကစားသမားတွေကပါ ရှောင်ဖယ်လာကြပြီလို့ သိရှိရပါတယ်။
အနည်းဆုံး ယူနိုက်တက် ကစားသမားသုံးယောက်က ဂရင်းဝုဒ်ကို ဆိုရှယ်မီဒီယာမှာ Unfollow လုပ်ခဲ့ကြပြီး သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဒီကစားသမားသုံးယောက်က အဓိက စီနီယာ ကစားသမား သုံးယောက်ဖြစ်တဲ့ ဂိုးသမား ဒီဂီယာ၊ ကွင်းလယ်လူ ပေါ့ဘာနဲ့ တိုက်စစ်မှူး ရော်နယ်ဒိုတို့ ဖြစ်တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် ကာဗာနီ၊ အဲလက်စ်တဲလက်စ်တို့လည်း ဂရင်းဝုဒ်ရဲ့ လုပ်ရပ်ကို အကြီးအကျယ် စိတ်ပျက်နေပြီး လက်ရှိအချိန်ထိတော့ ကာယကံရှင်ဆီက တစုံတရာ တုံ့ပြန်မှုကို မကြားရသေးပါဘူး။ ယူနိုက်တက်ကလည်း ဂရင်းဝုဒ်သာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာ သေချာရင် ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိနေပြီး ကစားသမားရဲ့ ယူနိုက်တက် ကစားသမားဘဝ အဆုံးသတ်သွားမယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။