အာဆင်နယ်ကွင်းလယ်လူ မိုဟာမက်အယ်လ်နီနီက လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်ကို ခေါ်ယူလိုက်ခြင်းနဲ့အတူ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားရယူဖို့ ပစ်မှတ်ထားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဂျီးဆပ်စ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။
အသက် (၂၅) နှစ်အရွယ် အဆိုပါကစားသမားဟာ အာတီတာ စိတ်ကြိုက်ကစားသမားတယောက်ဖြစ်ပြီး အသင်းသစ်နဲ့ ပထမဆုံးပွဲဦးထွက်အဖြစ် နုရင်ဘတ်နဲ့ခြေစမ်းပွဲမှာ အသင်းအတွက် ခြေစွမ်းပြနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ ဒီကစားသမားရောက်ရှိလာမှုနဲ့အတူ အယ်လ်နီနီက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပစ်မှတ်ထားနေတဲ့အကြောင်း အခုလိုပဲ ပြောကြားလာပါတယ်။
“ကျနော်တို့ ပြီးခဲ့တဲ့ရာသီက ထိပ်သီးလေးသင်းစာရင်းဝင်ဖို့ တကယ်ကို ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခု လာမယ့်ရာသီမှာ ကျနော်တို့ ဆက်လက်ကြိုးစားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားကိုပါ ဆွတ်ခူးနိုင်အောင် ကြိုးစားသွားမှာပါ။ အာဆင်နယ်နဲ့ ထိုက်တန်တဲ့အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ဖို့ ကျနော်တို့ အစွမ်းရှိသလောက် ကြိုးစားသွားမှာပါ”
“ဂျီးဆပ်စ်က လေ့ကျင့်ရေးကွင်းမှာလည်း တကယ်ကို အလုပ်ကြိုးစားပြီး သူ့မှာ ဘယ်လောက်အရည်အချင်းရှိတယ်၊ ဘယ်လောက်ကောင်းတယ်ဆိုတာကို သက်သေပြနေပါတယ်။ သူ့ကိုခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျနော် ဝမ်းသာပျော်ရွှင်မိပါတယ်။ ဂျီးဆပ်စ်က မန်စီးတီးမှာ အတွေ့အကြုံတွေရခဲ့တယ်၊ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တယ်”
“ဒီဆုကို ဘယ်လိုရယူရမလဲဆိုတာကိုလည်း သိပါတယ်။ သူ့ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု အတွေ့အကြုံတွေကိုလည်း ကျနော်တို့ကို ပြောပြပါလိမ့်မယ်။ ကျနော်တို့ သူ့ဆီကနေသင်ယူနိုင်ပြီး ကျနော်တို့အတွက် တကယ်ကို ကောင်းမွန်ပါတယ်။ အခု အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖူးတဲ့ ကစားသမားရှိနေပါပြီ။ ဒီတော့ ကျနော်တို့ တတ်နိုင်သလောက် ရှေ့တိုးနိုင်အောင် ကြိုးစားရပါမယ်” လို့ အယ်လ်နီနီက ပြောကြားခဲ့ပါတယ်။