အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်စံတော်ချိန် တနင်္လာနေ့ (နိုဝင်ဘာ ၁၅ ရက်) ညနေခင်းနဲ့ ဘေဂျင်းစံတော်ချိန် အင်္ဂါနေ့ (နိုဝင်ဘာ ၁၆ ရက်) မနက်ပိုင်းမှာ အွန်လိုင်းမှတစ်ဆင့် စတင်ပြုလုပ်ခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံရဲ့ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲဟာ ၃ နာရီခွဲ ကြာမြင့်ခဲ့ပြီး ဘိုင်ဒန်က ရှီကျင့်ဖျင်ကို လူ့အခွင့်အရေးကိစ္စများ အလေးထား ဆွေးနွေးခဲ့သလို ရှီကျင့်ဖျင်ကလည်း ထိုင်ဝမ်အပေါ် ရန်စမှုတွေကို တရုတ်က တုံ့ပြန်သွားမယ့်အကြောင်း သတိပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
(Photo: Ding Lin / Xinhua via AP)
ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ ဆွေးနွေးမှုဟာ ကမ္ဘာ့ခေါင်းဆောင်များအဖြစ် အချိန်အကြာရှည်ဆုံး ဆွေးနွေးမှုလည်း ဖြစ်ခဲ့ကြောင်း Reuters သတင်းက ပြောပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ယခုထိပ်သီးဆွေးနွေးပွဲဟာ အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေးတင်းမာမှု လျှော့ချရန်နဲ့ ထိပ်တိုက်တွေ့မှု ရှောင်လွှဲရန် ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်တဲ့ တိုက်ရိုက်ဆွေးနွေးမှုဖြစ်တယ်လို့ ဆိုပါတယ်။
ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကနေ ရလဒ်များ ချက်ချင်း မထွက်ပေါ်ခဲ့ပါဘူး။ သို့သော် ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်က ၎င်းတို့ရဲ့ ရပ်တည်မှုအတိုင်း အခိုင်အမာ ဆက်လက်ရပ်တည်ခဲ့ကြသည့်တိုင် အေးစက်စက်ဖြစ်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြောင်းလဲရန် ယခုဆွေးနွေးပွဲက အခွင့်အရေးပေးခဲ့တယ်လို့ သုံးသပ်ကြပါတယ်။
၎င်းတို့နှစ်ဦးဟာ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်၊ အီရန်၊ ကမ္ဘာ့စွမ်းအင်ဈေးကွက်၊ ကုန်သွယ်ရေးနဲ့ ယှဥ်ပြိုင်မှု၊ ရာသီဥတု၊ စစ်ဘက်ဆိုင်ရာများ၊ ကပ်ရောဂါနဲ့ အခြား နယ်ပယ်များ အပါအဝင် နှစ်နိုင်ငံကြား မကြာခဏ သဘောထားကွဲလွဲတဲ့ ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။
(Photo: Susan Walsh / AP)
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ ကမ္ဘာတစ်ဝန်းသို့ COVID-19 ကပ်ရောဂါ ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၎င်းရဲ့နိုင်ငံမှ ထွက်ခွာခြင်းမရှိခဲ့တဲ့ သမ္မတရှီကျင့်ဖျင်က "အမေရိကန်နဲ့တရုတ်ဟာ ပင်လယ်ထဲမှာ ရွက်လွှင့်နေကြတဲ့ သင်္ဘောကြီးနှစ်စီး" အဖြစ် နှိုင်းယှဥ်ခဲ့ပြီး တစ်စီးနဲ့တစ်စီး မတိုက်မိကြရန် တည်ငြိမ်နေဖို့လိုတယ် ပြောခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာနက ဖော်ပြပါတယ်။
ဘိုင်ဒန်ကလည်း နှစ်နိုင်ငံ ထိပ်တိုက်တွေ့မှုကို ရှောင်လွှဲရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ မည်သို့ဆိုစေ ဘိုင်ဒန်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ နာရီနဲ့ချီကြာမြင့်ခဲ့တဲ့ အွန်လိုင်းထိပ်သီးဆွေးနွေးပွဲဟာ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား ကွဲလွဲတဲ့ရပ်တည်ချက်တွေ ကျဥ်းမြောင်းစေရန် အနည်းငယ်မျှသာ အလုပ်ဖြစ်ခဲ့ပုံရတယ်လို့ Reuters က ဖော်ပြပါတယ်။