တိုကျိုအခြေစိုက် ဒရုန်းကုမ္ပဏီတစ်ခုဟာ လာမယ့်နှစ်မှာ ရောင်းချမယ့် မိုးပျံ Hoverbike တစ်မျိုးကို မိတ်ဆက်ပြသလိုက်ပါတယ်။
ဂျပန်ဒရုန်းကုမ္ပဏီ A.L.I Technologies ဟာ Xturismo လို့ ခေါ်တဲ့ မိုးပျံမော်တော်ဆိုင်ကယ်တစ်ခုကို ဖန်တီးလိုက်တာပါ။Xturismo ဟာ တစ်နာရီမိုင် ၆၀ နှုန်းနဲ့ မိနစ် ၄၀ အထိ ပျံသန်းနိုင်မယ့် ယာဉ်ပျံဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာ ပေါင် ၅ သိန်း (မြန်မာငွေသိန်း ၁၂၇၀၀ ကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဒီယာဉ်ပျံကို ဖူဂျီတောင်ခြေရင်းက အပြေးပြိုင်ကွင်းလွတ်ထဲမှာ စမ်းသပ်ပျံသန်းပြခဲ့တယ်လို့လည်း Daily Mail သတင်းက ဆိုပါတယ်။
Photo: akihabara news
Xturismo ဟာ ရိုးရိုးအင်ဂျင်နဲ့ လျှပ်စစ်မော်တာ လေးခုကနေ စွမ်းအင်ရယူပြီး ထောင်လိုက် အဆင်းအတက်လုပ်နိုင်တဲ့ VTOL ယာဉ်တစ်မျိုး ဖြစ်ပြီး စုစုပေါင်း ဒလက် propellers ၆ ခု ပါရှိပါတယ်။ ဘီးနေရာမှာ ပင်မ Propeller ကြီး နှစ်ခုနဲ့ ဘေးထောင့်လေးခုမှာ ယာဉ်တည်ငြိမ်ရေးအတွက် အရန် ဒလက်လေးခု ပါရှိမှာ ဖြစ်ပါတယ်။ ကိုယ်ထည်ကို ကာဗွန်ဖိုက်ဘာနဲ့တည်ဆောက်ထားပြီး အလေးချိန် ကီလိုဂရမ် ၁၀၀ လေးတဲ့ ဝန်ကို သယ်နိုင်မှာပါ။
ဒီယာဉ်ရဲ့ အားနည်းချက်တစ်ခုက အသံဆူညံလွန်းတာပဲ ဖြစ်ပါတယ်။ အမြင့်ပျံသန်းမှုအကြောင်း ပြောမထားဘဲ မိုးပေါ် ပျံသန်းစဉ်မှာ တည်ငြိမ်မှုရှိစေဖို့ လူမဲ့ဒရုန်းတွေမှာ သုံးထားတဲ့ ကုမ္ပဏီရဲ့ Altitude Control နည်းပညာ အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် JetPack Aviation ကတော့ ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ Speeder ဆိုတဲ့ မိုးပျံယာဉ်စမ်းသပ်ပျံသန်းပြခဲ့ပါတယ်။ အမြင့်ပေ ၁ သောင်းခွဲအထိ တက်နိုင်မယ့် ဒီယာဉ်ပျံကို ပေါင် ၂၇၅၄၀၀ (မြန်မာငွေ သိန်း ၇၀၀၀ ကျော်) ဈေးနဲ့ ၂၀၂၃ ခုနှစ်မှာ ရောင်းချသွားဖို့ စီစဉ်နေပါတယ်။
A.L.I Technologies ကုမ္ပဏီအနေနဲ့ Xturismo တစ်ယောက်စီး Hoverbikes အစီးရေ ၂၀၀ ပဲ ထုတ်လုပ်ရောင်းချသွားဖို့ ပြင်နေပါတယ်။ ယာဉ်ပျံတစ်စီးစီဟာ ပေါင်ချိန် ၆၆၁ ပေါင် (၃၀၀ ကီလိုဂရမ်) လေးပြီး ၂၀၂၂ နှစ်ဝက်အတွင်း ပို့ဆောင်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ ကိုယ်ရေးကိုယ်တာသုံး မိုးပျံယာဉ်နဲ့ပတ်သတ်ပြီး ဥပဒေရေးဆွဲခြင်း မရှိသေးတာကြောင့် Xturismo ယာဉ်တွေကို အပြေးပြိုင်ကွင်းတွေနဲ့ ပုဂ္ဂလိကပိုင် မြေနေရာတွေမှာပဲ အသုံးပြုနိုင်ဖို့ ရှိပါတယ်။