ဂျပန်နိုင်ငံလွှတ်တော်ကို ယနေ့ (အောက်တိုဘာ ၁၄ ရက်) ဖျက်သိမ်းလိုက်ပြီး ယခုလကုန်ရက်မှာ လွှတ်တော်အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
လူထုသဘောထားစစ်တမ်းတွေအရ ဂျပန်ဝန်ကြီးချုပ်သစ် ဖူမီယိုကီရှီဒါဟာ ရာထူးသက်တမ်း ပထမဆုံး ၁၁ ရက်အတွင်း ဆောင်ရွက်မှုတွေအပေါ် ထိုက်သင့်တဲ့ လူထုထောက်ခံမှု ရရှိခဲ့ရာ လာမယ့် ရွေးကောက်ပွဲမှာ အောက်လွှတ်တော်နေရာအများစုကို ၎င်းရဲ့ LDP ပါတီ (Liberal Democratic Party) နဲ့ မိတ်ဖက်ပါတီ Komeito တို့အတွက် ဆက်ထိန်းထားနိုင်ရန် အလားအလာကောင်းလို့ ဆိုနိုင်ပါတယ်။
(ဂျပန်ဝန်ကြီးချုပ်သစ် ဖူမီယိုကီရှီဒါ) (Photo: Reuters)
"ကျွန်တော်တို့ ဘာလုပ်ဖို့ကြိုးပမ်းနေတယ်ဆိုတာနဲ့ ကျွန်တော်တို့ ဘာကို ရည်မှန်းထားလဲဆိုတာ ပြည်သူတွေကိုပြောဖို့ ဒီရွေးကောက်ပွဲကို အသုံးပြုချင်ပါတယ်၊ ပြီးခဲ့တဲ့ ၁၁ ရက်လုံး ကျွန်တော် အရမ်းအလုပ်များနေခဲ့တယ်၊ ဒါပေမဲ့ ထူးဆန်းစွာပဲ ကျွန်တော် ပင်ပန်းတယ်လို့ မခံစားရဘူး" လို့လည်း ဝန်ကြီးချုပ်က ၎င်းရဲ့ရုံးခန်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဂျပန်မဲဆန္ဒရှင်တွေက ကပ်ရောဂါအဆုံးသတ်ရေးနဲ့ စီးပွားရေး ပြန်လည်တည်ဆောက်ရန် ထိရောက်တဲ့ဆောင်ရွက်ချက် အစီအစဥ်ရှိတဲ့ အစိုးရတစ်ရပ်ကို မြင်တွေ့လိုနေကြတယ်လို့ ဆိုပါတယ်။ လတ်တလော ပြုလုပ်ခဲ့တဲ့ Sankei သတင်းစာရဲ့ လူထုသဘောထားစစ်တမ်းမှာ ပါဝင်ဖြေဆိုခဲ့ကြသူတွေရဲ့ ၄၈ ရာခိုင်နှုန်းက ဝန်ကြီးချုပ်ကီရှီဟီဒါ အစိုးရအနေနဲ့ COVID-19 ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး အများဆုံး ဆောင်ရွက်စေလိုကြပါတယ်။
ထိုနောက်မှာ စီးပွားရေးနာလန်ထူရေးနဲ့ အလုပ်အကိုင်အရေးတို့ကို ဆောင်ရွက်စေလိုကြောင်း သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ဒေသစံတော်ချိန် ယနေ့ညပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ မျှော်လင့်ရကြောင်း Reuters သတင်းက ဖော်ပြပါတယ်။