ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ၎င်းရဲ့အာဏာပါတီ LDP (Liberal Democratic Party) က လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း ကြေညာပါတယ်။
လွန်ခဲ့တဲ့တစ်လက ဝန်ကြီးချုပ်ဖြစ်လာသူ ကီရှီဒါရဲ့ အာဏာပါတီက လွှတ်တော်ရွေးကောက်ပွဲမှာ ကြီးမားတဲ့အောင်ပွဲရခဲ့တာဖြစ်ပြီး အောက်လွှတ်တော်မှာ အများစုဖြစ်ရန် လိုအပ်တဲ့အမတ်နေရာ ၂၃၃ နေရာထက် ကျော်လွန်အနိုင်ရရှိခဲ့ပါတယ်။ အောက်လွှတ်တော်မှာ အမတ်နေရာ ၂၃၃ နေရာ ကျော်လွန်ရရှိခဲ့တာကြောင့် LDP အနေနဲ့ ၎င်းရဲ့မဟာမိတ်ပါတီ Komeito မပါဝင်ဘဲ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်မှာလည်း ဖြစ်ပါတယ်။
(Photo: EPA)
LDP ပါတီဟာ ဂျပန်နိုင်ငံရေးမှာ ဆယ်စုနှစ်များကြာ လွှမ်းမိုးထားခဲ့တာဖြစ်ပေမဲ့ COVID-19 ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပါတယ်။ ကီရှီဒါမတိုင်မီ LDP ရဲ့ ဝန်ကြီးချုပ် ယိုရှီဟီဒါဆူဂါဟာ ဝန်ကြီးချုပ်အဖြစ် တစ်နှစ်မျှသာ တာဝန်ယူခဲ့ပြီး နုတ်ထွက်သွားခဲ့ပါတယ်။ အသက် ၆၄ နှစ်အရွယ် ကီရှီဒါဟာ ဝန်ကြီးချုပ်ရာထူးကို ကာလရှည်ကြာ ရည်ရွယ်ထားခဲ့သူဖြစ်ပြီး ၂၀၁၂ မှ ၂၀၁၇ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
တနင်္ဂနွေနေ့ (အောက်တိုဘာ ၃၁ ရက်) လွှတ်တော်ရွေးကောက်ပွဲမှာ LDP က အမတ်နေရာ ၄၆၅ နေရာအနက် ၂၇၆ နေရာမှာ ယှဥ်ပြိုင်ခဲ့ပါတယ်။ အစောပိုင်း မဲဆန္ဒရှင်စစ်တမ်းတွေအရ LDP ပါတီဟာ လွှတ်တော်မှာ အမတ်နေရာအများစုရရှိရန် မဟာမိတ်ပါတီနဲ့ ပူးပေါင်းရန်လိုအပ်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပေမဲ့ ခန့်မှန်းချက်အတိုင်း မဖြစ်ခဲ့ဘဲ LDP က အမတ်နေရာအများစုကို ရရှိခဲ့ပါတယ်။
(Photo: AFP)
ယခုအခါ LDP က အမတ်နေရာ ၂၆၁ နေရာ အနိုင်ရရှိခဲ့ရာ လွှတ်တော်မှာအများစုဖြစ်ရန် လိုအပ်တဲ့ အမတ်နေရာ ၂၃၃ နေရာထက် ပိုမိုကျော်လွန်ခဲ့ပါတယ်။ LDP ရဲ့ မဟာမိတ်ပါတီ Komeito က အမတ်နေရာ ၃၂ နေရာ အနိုင်ရရှိခဲ့ရာ ၎င်းတို့ မဟာမိတ်နှစ်ပါတီက စုစုပေါင်း အမတ်နေရာ ၂၉၃ နေရာ ရရှိခဲ့ကြောင်း သိရပါတယ်။
National Diet လို့ သိထားကြတဲ့ ဂျပန်လွှတ်တော်မှာ အောက်လွှတ်တော် (House of Representatives) နဲ့ အထက်လွှတ်တော် (House of Councillors) လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းထားပါတယ်။ အောက်တိုဘာ ၃၁ ရက် ရွေးကောက်ပွဲက ပိုမိုဩဇာကြီးမားတဲ့ အောက်လွှတ်တော်အတွက်ဖြစ်ပြီး အထက်လွှတ်တော်ရွေးကောက်ပွဲကိုတော့ လာမယ့်နှစ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။