ဂျပန်နိုင်ငံမှာ ပထမဆုံး အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုတစ်ခု တွေ့ရှိရကြောင်း ယနေ့ (နိုဝင်ဘာ ၃၀ ရက်) အတည်ပြု ထုတ်ပြန်ပါတယ်။ ဗိုင်းရပ်စ်သစ် ကူးစက်ခံရသူဟာ နမီးဘီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။
အသက် ၃၀ ကျော်အရွယ် ထိုအမျိုးသားကို လေဆိပ်မှာ COVID-19 စစ်ဆေးခဲ့ရာမှ ကူးစက်ခံရမှု တွေ့ခဲ့ရတယ်လို့ ဂျပန်အစိုးရအဖွဲ့ တာဝန်ရှိသူ ဟီရိုကာဇူ မတ်ဆူနိုက သတင်းထောက်တွေကို ပြောပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ခံရတဲ့ လူနာကို ဆေးရုံတစ်ရုံမှာထားရှိပြီး အစိုးရအနေနဲ့ ၎င်းရဲ့ အနီးကပ် ထိတွေ့မှုရှိသူတွေကို သိရှိထားကြောင်း ၎င်းကဆိုပါတယ်။
လူနာအမျိုးသားဟာ မည်သည့်နိုင်ငံသားဖြစ်ကြောင်းကိုတော့ မတ်ဆူနိုက ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ ဂျပန်နိုင်ငံဟာ အိုမီခရွန်ဗိုင်းရပ်စ်သစ်ကို စိုးရိမ်မှုကြောင့် နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုကို ယနေ့မှစတင်ပြီး အနည်းဆုံး တစ်လကြာ ပိတ်ထားမယ်လို့ ဆိုပါတယ်။
WHO က ဘာပြောထားလဲ?
တောင်အာဖရိကနိုင်ငံမှာ ပထမဆုံး တွေ့ရှိလာရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန် (Omicron) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက (World Health Organization - WHO) က 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ထားပါတယ်။
အိုမီခရွန်ဟာ နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့ဖွယ်ရှိပြီး ကူးစက်မှုများ မြင့်တက်လာနိုင်တဲ့အန္တရာယ် အလွန်မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ယမန်နေ့မှာ ပြောကြားပါတယ်။ အိုမီခရွန်နဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုတွေ ယခုအချိန်အထိ မရှိသေးပေမဲ့ ကာကွယ်ဆေးတွေနဲ့ ယခင် COVID-19 ဖြစ်ခဲ့ဖူးသူတွေမှာ က ကာကွယ်နိုင်မှုကို သိရှိနိုင်ရန် နောက်ထပ် လေ့လာမှုတွေ လိုအပ်နေသေးကြောင်း WHO က ဆိုပါတယ်။
နိုင်ငံနဲ့ နယ်မြေ ၁၉ ခုမှာ အိုမစ်ခရွန်ကူးစက်မှု တွေ့လာရ
နိုဝင်ဘာ ၃၀ ရက်နေ့အထိ စာရင်းအချက်အလက်တွေအရ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုတွေကို တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ချက်ရီပတ်ဘလစ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဗြိတိန်တို့မှာ တွေ့ရှိထားပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်ပူပန်တာကြောင့် နိုင်ငံအများအပြားက အာဖရိကဘက်မှ ခရီးသွားဝင်ရောက်မှု ပိတ်ပင်ခြင်း သို့မဟုတ် ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းတင်းကျပ်ခြင်းများ လုပ်ဆောင်လာကြပါတယ်။
ကာကွယ်ဆေးတွေ အလုပ်ဖြစ်မလား?
ထိုအတောအတွင်း အိုမီခရွန်ဗိုင်းရပ်စ်ကို လက်ရှိ အသုံးပြုနေတဲ့ COVID-19 ကာကွယ်ဆေးတွေက ထိရောက်တဲ့ကာကွယ်မှု ပေးနိုင်ဖွယ်မရှိကြောင်း အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Moderna ရဲ့ အမှုဆောင်အရာရှိချုပ် Stephane Bancel က မှတ်ချက်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ၎င်းတို့ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေက အိုမီခရွန်ဗိုင်းရပ်စ်သစ်ကို ကာကွယ်နိုင်မှုအခြေအနေအပေါ် လေ့လာဆန်းစစ်နေကြပြီး လိုအပ်နိုင်တဲ့ အဆင့်မြှင့်တင်မှုတွေအတွက် အလျင်အမြန် စီစဥ်နေကြကြောင်းလည်း သိရပါတယ်။
ဗြိတိန် အောက်စ်ဖို့တက္ကသိုလ် (University of Oxford) ကတော့ လက်ရှိ အသုံးပြုနေတဲ့ ကာကွယ်ဆေးတွေက အိုမီခရွန်ကို မကာကွယ်နိုင်ကြောင်း အထောက်အထား မတွေ့ရသေးဘူးလို့ ယနေ့ ပြောပါတယ်။ အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Novavax Inc က တောင်အာဖရိကမှာ အသစ်တွေ့ရှိလာရတဲ့ အိုမီခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အတွက် COVID-19 ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရန် စတင်လုပ်ဆောင်နေပြီလို့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တောင်အာဖရိက ဆရာဝန်ရဲ့ပြောကြားမှု
တောင်အာဖရိနိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ခံရတဲ့ လူနာတွေကို ကုသပေးနေခဲ့တဲ့ ဆရာဝန်တစ်ဦးကတော့ ထိုဗိုင်းရပ်စ်အသစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေဟာ မပြင်းထန်ဘူးလို့ ပြောခဲ့ပါတယ်။ ကူးစက်ခံရသူ အများစုဟာ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာ အလွန်နွမ်းနယ်နေပြီး ခန္ဓာကိုယ် နာကျင်ကိုက်ခဲ့ကာ ခေါင်းကိုက်ကြတယ်လို့ တောင်အာဖရိက ဆရာဝန်က ဆိုပါတယ်။
Ref: Reuters, BBC / Photo: Reuters